အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ (CIA) ညွှန်ကြားရေးမှူး ဂျွန်ရတ်ကလစ်ဖ်ဟာ မော်စကိုခရီးစဉ်မှာ NATO မဟာမိတ်နိုင်ငံတွေကို မတိုက်ခိုက်ဖို့နဲ့ အီရန်ကို ပေးနေတဲ့ စစ်ရေးနဲ့ စီးပွားရေးအကူအညီ လျှော့ချဖို့ ရုရှားတာဝန်ရှိသူတွေကို သတိပေးခဲ့တယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး အမေရိကန် မီဒီယာတချို့က ဖော်ပြပါတယ်။
အထူးသဖြင့် အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့လို ဘောလ်တစ် NATO နိုင်ငံတွေကို စစ်ရေးအရ ရန်မပြုဖို့ သတိပေးခဲ့တာဟာ တွေ့ဆုံမှုရဲ့ အဓိကအကြောင်းအရာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ ဒီခရီးစဉ်ဟာ NATO ကို ကာကွယ်ဖို့ ဒါမှမဟုတ် အီရန်အပေါ် ပိတ်ဆို့မှုတွေမှာ ရုရှားရဲ့ ပူးပေါင်းမှုရယူဖို့ ဖြစ်တယ်ဆိုတဲ့ ထင်ကြေးတွေကို ငြင်းပါတယ်။
ထရမ့်ပ်က “အဲဒီအကြောင်းတွေ တခုမှ မဟုတ်ပါဘူး။ စိတ်ပျက်စရာဖြစ်မလား မသိဘူး၊ ဒါက ပုံမှန်လုပ်ရိုးလုပ်စဉ်နီးပါး (semi-routine) ခရီးစဉ်တခုပါ။ ယူကရိန်းစစ်ပွဲ အဆုံးသတ်တာကို ကျနော်တို့ မြင်ချင်ပါတယ်” လို့ ပြောပါတယ်။
ရတ်ကလစ်ဖ်ဟာ ဩဂုတ် ၂၅ ရက်က မော်စကိုကို ကြိုတင်မကြေညာဘဲ သွားရောက်ခဲ့ပြီး ဒါဟာ ထရမ့်ပ်အစိုးရလက်ထက် CIA ညွှန်ကြားရေးမှူးတယောက်ရဲ့ ပထမဆုံး လူသိရှင်ကြား သိရှိရတဲ့ မော်စကိုခရီးစဉ် ဖြစ်ပါတယ်။
ခရီးစဉ်မှာ ရတ်ကလစ်ဖ်က ရုရှားကို အီရန်အတွက် လက်နက်နဲ့ ကာကွယ်ရေးနည်းပညာ မပေးဖို့လည်း တိုက်တွန်းခဲ့ပြီး အမေရိကန်ရဲ့ ပိတ်ဆို့မှုတွေကြောင့် အလွန်အကျွံ မတုံ့ပြန်ဖို့ ပြောခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
ရုရှားဟာ အီရန်ရဲ့ ဒရုန်းစွမ်းရည် တိုးမြှင့်ဖို့ ပစ္စည်းတွေ ပေးပို့နေပြီး အရှေ့အလယ်ပိုင်းက အမေရိကန်စစ်စခန်းတွေကို ပစ်မှတ်ထားရာမှာလည်း အကူအညီပေးနေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒီခရီးစဉ်ဟာ ရုရှားနဲ့ ယူကရိန်းကြား တာဝေးပစ် ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေ ပိုပြင်းထန်လာပြီး ရုရှားဘက်က NATO နိုင်ငံတွေကို ခြိမ်းခြောက်မှုတွေ တိုးလာချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
CIA ညွှန်ကြားရေးမှူးတယောက် မော်စကိုကို ဒီလိုသွားခဲ့တာက ၂၀၂၁ နိုဝင်ဘာလ နောက်ပိုင်း ပထမဆုံးဖြစ်ပြီး အဲဒီအချိန်က CIA ညွှန်ကြားရေးမှူး ဘီလ် ဘန်းစ်က ယူကရိန်းကို မကျူးကျော်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို သတိပေးခဲ့ပါတယ်။
ဒါပေမဲ့ ၃ လအကြာ ၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။











