အီရန်စစ်ပွဲကာလအတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) ကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး ယူအေအီးသမ္မတနဲ့ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပြောပါတယ်။
ဒါပေမဲ့ ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီပြောဆိုချက်ဟာ အခြေအမြစ်မရှိဘူးလို့ ငြင်းထားပြီး သူတို့ဆက်ဆံရေးဟာ တရားဝင် သဘောတူညီချက်တွေအောက်မှာပဲ ရှိတယ်လို့ ဆိုပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ်အာရက်ချီ ကတော့ အစ္စရေးနဲ့ ပူးပေါင်းတာဟာ ခွင့်လွှတ်စရာအကြောင်း မရှိဘဲ တာဝန်ခံရမယ်လို့ သတိပေးထားပါတယ်။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ အစ္စရေးက ယူအေအီးကို Iron Dome လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပေးပို့ခဲ့တယ်လို့ အမေရိကန်သံအမတ် မိုက်ဟတ်ကာဘီက မေ ၁၂ ရက်မှာ ဖွင့်ချခဲ့ပါတယ်။
စစ်ပွဲအတွင်း ယူအေအီးကို အီရန်ဘက်က ဒရုန်းနဲ့ ဒုံးကျည်တွေ အများအပြား ပစ်ခတ်ခဲ့တယ်လို့လည်း ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက မေ ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် ဧပြီလဆန်းပိုင်းက အီရန်ရဲ့ လာဗန်ကျွန်းက ရေနံချက်စက်ရုံကို ယူအေအီးက တိုက်ခိုက်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အမေရိကန်နဲ့ အီရန်ကြား အပစ်အခတ်ရပ်စဲရေးဟာ တလဝန်းကျင် ရှိလာပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားသလို အမေရိကန်ကလည်း အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့ရေနံဈေးတွေ မြင့်တက်နေပါတယ်။
မေ ၁၀ ရက်မှာ အီရန်က စစ်ပွဲအဆုံးသတ်ဖို့ တောင်းဆိုချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ လုံးဝလက်မခံနိုင်ဘူးလို့ ပယ်ချခဲ့ပါတယ်။
Source: Reuters











