
တောင်ကိုရီးယားသမ္မတ အီဂျယ်မြောင်ဟာ နိုင်ငံရဲ့ ပိုမိုအားကောင်းတဲ့ သီးခြားကာကွယ်ရေး စွမ်းရည်တွေကို ပိုမိုတောင့်တင်းအောင် လုပ်ဆောင်ဖို့ ဩဂုတ် ၁၈ ရက်မှာ ပြုလုပ်တဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးမှာ တိုက်တွန်း ပြောပါတယ်။
တချိန်တည်းမှာပဲ အူလ်ချီ အမည်ရှိ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကြီးတွေနဲ့ ယှဉ်တွဲပြုလုပ်တဲ့ နှစ်စဉ် ပြည်သူ့ကာကွယ်ရေး လေ့ကျင့်ခန်းတွေဟာ ကာကွယ်ရေးအတွက်သာ ဖြစ်ပြီး မြောက်ကိုရီးယားကို ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် ကျွန်းဆွယ်မှာ တင်းမာမှု မြင့်တက်လာစေဖို့ အသုံးချလိုတဲ့ ရည်ရွယ်ချက် လုံးဝမရှိဘူးလို့ ပြောပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို “သိသိသာသာ လျှော့ချဖို့” ပင်တဂွန်စစ်ဌာနချုပ်ကို ညွှန်ကြားခဲ့ပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကလည်း သူ့ရဲ့ကမ်းလှမ်းမှုကို တုံ့ပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီနောက် တောင်ကိုရီးယားအစိုးရအဖွဲ့နဲ့ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာ သမ္မတ အီဂျယ်မြောင်က ခုလို မှတ်ချက်ပေးခဲ့တာပါ။
သမ္မတ အီဂျယ်မြောင်က အစိုးရရဲ့ လက်ရှိစီမံချက်နဲ့အညီ သူ့ရဲ့သက်တမ်းအတွင်းမှာ စစ်မက် ဖြစ်ပွားချိန် စစ်ဆင်ရေး ကွပ်ကဲထိန်းချုပ်ပိုင်ခွင့်ကို ပြန်လည်လွှဲပြောင်းယူမဲ့ကိစ္စကို အစီအစဉ် အတိုင်း မပျက်မကွက် ဆက်လက်ဆောင်ရွက်သွားရမယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်မြေပြင် စည်းခြားသတ်မှတ်မှုတွေ ပိုပြီး မရှင်းမလင်းဖြစ်လာတဲ့ အနာဂတ် ပဋိပက္ခတွေအတွက် ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စစ်အရာရှိတွေကို လေ့ကျင့်မွေးထုတ် ပေးဖို့နဲ့ တောင်ကိုရီးယားရဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော စီမံကိန်းကိုလည်း ပိုမိုမြန်ဆန်အောင် ဆောင်ရွက်သွားဖို့ ပြောပါတယ်။
Source:Reuters











