အင်္ဂါနေ့ (ဧပြီ ၇ ရက်နေ့) နောက်ဆုံးထားပြီး ဟော်မုဇ်ရေလက်ကြားကို ပြန်မဖွင့်ပေးရင် အီရန် ဓာတ်အားပေးစက်ရုံတွေနဲ့ တံတားတွေကို ဖျက်ဆီးပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆဲဆိုပြီး ခြိမ်းခြောက်လိုက်ပါတယ်။
ဧပြီ ၇ ရက် အရှေ့ပိုင်းစံတော်ချိန် ည ၈ နာရီ (မြန်မာစံတော်ချိန်အရဆိုရင် ဧပြီ ၈ ရက် မနက် ၆ နာရီခွဲ) အထိ နောက်ဆုတ်ပေးလိုက်တာလို့ သမ္မတထရမ့်ပ်က သူပိုင်တဲ့ Truth Social ကနေ အတည်ပြုပါတယ်။
“အီရန်မှာ အင်္ဂါနေ့ကတော့ ဓာတ်အားပေးစက်ရုံနေ့၊ တံတားနေ့ပါ တပေါင်းတည်း ဖြစ်လာလိမ့်မယ်။ ဒီလိုအဖြစ်မျိုး တခါမှ ရှိလာမှာမဟုတ်ဘူး။ အရူးကောင်တွေ၊ အဲဒီရေလက်ကြားကို ဖွင့်လိုက်စမ်း။ မဟုတ်ရင်တော့ မင်းတို့ ငရဲပြည်မှာ နေရလိမ့်မယ်၊ စောင့်သာကြည့်။ အလ္လာဟ်အရှင်မြတ် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ (Praise be to Allah) သမ္မတ ဒေါ်နယ်ထရမ့်ပ်” လို့ ရေးသားထားပါတယ်။
မူရင်းအသုံးအနှုန်းမှာ ဆဲဆိုတဲ့ဝေါဟာရတွေ ပါဝင်ပါတယ်။ ပထမရာဇသံအရဆိုရင် ဧပြီ ၆ ရက် တနင်္လာနေ့ နောက်ဆုံးဖြစ်ပေမဲ့ အခု တရက် ထပ်တိုးပေးလိုက်တဲ့သဘောပါ။
ထရမ့်ပ်ဟာ ဟော်မုဇ်ပြန်ဖွင့်ပေးဖို့ နောက်ဆုံးရက်ကို ထပ်ထပ်ရွှေ့တာ အကြိမ်ကြိမ်ရှိပြီ ဖြစ်ပါတယ်။
သဘောတူညီမှုမရရင် အကုန်လုံးကို ဖျက်ဆီးပြီး ရေနံတွေကို သိမ်းပိုက်မယ်လို့လည်း ထရမ့်ပ်က Fox News ကို ပြောပါတယ်။
စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ပြန်လည်ကုစားဖို့ ဖြတ်သန်းခ ကောက်ခံရရှိမှသာ ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ မာဒီ တာဘာတာဘေးက ပြောပါတယ်။
အီရန်ဗဟိုစစ်ဌာနချုပ်က ဗိုလ်ချုပ် အလီ အဗ္ဗဒူလာဟီ အလီအာဘာဒီ ကတော့ ထရမ့်ပ်ရဲ့ ခြိမ်းခြောက်မှုဟာ အရူးလုပ်ရပ်ဖြစ်ပြီး အမေရိကန်ခေါင်းဆောင်အတွက် ငရဲတံခါး ပွင့်သွားလိမ့်မယ်လို့ တုံ့ပြန်ပါတယ်။
တချိန်တည်းမှာပဲ အစ္စရေးနဲ့ အမေရိကန်တို့ဟာ အီရန်နိုင်ငံက ရေနံဓာတုစက်ရုံနဲ့ ကာဆင်ဆိုလေမာနီ လေဆိပ်တို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။
အီရန်ဘက်ကလည်း အစ္စရေးနဲ့ ပင်လယ်ကွေ့က အမေရိကန် မဟာမိတ်တွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့ပါတယ်။
ဧပြီ ၅ ရက်က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့က လူနေအဆောက်အအုံတခုကို အီရန်ဒုံးကျည် ထိမှန်လို့ လူ ၄ ယောက် ဒဏ်ရာရခဲ့သလို အဘူဒါဘီမှာလည်း ဒုံးကျည်အစအနတွေ ကျရောက်လို့ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
Source: Reuters











