
ယူကရိန်းအရှေ့ပိုင်းက မြို့တွေကို ရုရှားက မေ ၅ ရက်မှာ တိုက်ခိုက်လို့ လူ ၂၅ ယောက် ထက်မနည်း သေဆုံးခဲ့ပါတယ်။
သန်းခေါင်ယံမှာစမဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အတွက် ယူကရိန်းအစိုးရက အဆိုပြုထား တဲ့ နောက်ဆုံးရက်မတိုင်မီ နာရီပိုင်းအလိုမှာ ရုရှားက တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်မှာ နာဇီဂျာမနီအပေါ် ဆိုဗီယက်ယူနီယံက အောင်ပွဲခံတဲ့ အထိမ်းအမှတ်ပွဲတွေနဲ့ မော်စကိုမြို့တော်က ရင်ပြင်နီမှာကျင်းပတဲ့ စစ်ရေးပြပွဲတွေနဲ့ တိုက်ဆိုင်ပြီး မေ ၈ ရက်မှ ၉ ရက် အထိ အပစ်အခတ်ရပ်ဖို့ ရုရှားအစိုးရက ကြေညာခဲ့တာပါ။
ယူကရိန်းနိုင်ငံကလည်း မေ ၆ ရက် သန်းခေါင်ယံမှာစမဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကြေညာခဲ့ပြီး ရုရှားနိုင်ငံကလည်း ပြန်တုံ့ပြန်ဖို့ တိုက်တွန်းခဲ့ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ယူကရိန်းနိုင်ငံကို အပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေချိန်မှာ စစ်ရေးပြပွဲအတွက် တရက်တာ တိုက်ခိုက်မှုတွေကို ရပ်ဖို့က ရုရှားနိုင်ငံအတွက် ရွေးချယ်စရာမဟုတ်ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောပါတယ်။
ဒန်ညက်စ်ဒေသ ခရာမာတော့စ်ခ်မြို့မှာ လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချလို့ လူ ၅ ယောက် သေပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရ အုပ်ချုပ်ရေးမှူး ဗာဒင်မ်ဖီလက်ရှ်ခင်က တယ်လီဂရမ်ကနေ ပြောပါတယ်။
မီးသတ်သမားတွေက မီးလောင်နေတဲ့ကားတွေကို ရေနဲ့ဖြန်းနေပုံနဲ့ အလောင်းတခုကို စောင်ဖြူနဲ့ အုပ်နေပုံတွေကို အင်္ဂါနေ့မှာ ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ တွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုက မေ ၅ ရက်မှာ ဖြစ်ခဲ့တာလို့ ဒန်ညက်စ် ဒေသန္တရ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
အရှေ့တောင်ပိုင်း ဇာပိုရစ်ရှားမြို့ကို လေကြောင်းကနေ ဗုံးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်မှုကြောင့် လူ ၁၂ ယောက်ထက်မနည်း သေဆုံးပြီး အယောက်၂၀ ဒဏ်ရာရခဲ့တယ်လို့ ဒေသန္တရအုပ်ချုပ်ရေးမှူး အီဗန် ဖေဒိုရော့ဗ်က တယ်လီဂရမ်ကနေ ပြောပါတယ်။
ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက နစ်ပရိုမြို့မှာလည်း ရုရှားက တိုက်ခိုက်လို့ လူ ၄ ယောက် သေဆုံး ခဲ့တယ်လို့ ယူကရိန်းသမ္မတက ပြောပါတယ်။
ပိုလ်တာဗာဒေသက ဓာတ်ငွေ့ထုတ်လုပ်ရေးစက်ရုံတွေကို ရုရှားက ညလုံးပေါက် တိုက်ခိုက်လို့ လူ ၄ ယောက် သေဆုံးခဲ့တယ်လို့ ယူကရိန်းအရာရှိတွေက အတည်ပြုပါတယ်။
ရုရှားနိုင်ငံအလယ်ပိုင်း ချူဗာရှီယာဒေသကို အင်္ဂါနေ့က ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် လူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ရုရှားနိုင်ငံပိုင်သတင်းဌာန TASS က ဖော်ပြပါတယ်။
Source:Reuters










