
ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် နမ့်ခမ်းမြို့နယ်ထဲမှာ သတ္တု တင်ဆောင်လာတဲ့ ယာဉ်တန်းတွေကို ဒေသခံနိုင်ငံရေးပါတီနဲ့ ပြည်သူတွေ ပူးပေါင်းဟန့်တားခဲ့ပါတယ်။
သူတို့ဒေသမှာ သတ္တတူးဖော်ရေးလုပ်ငန်းတွေကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေတာမို့ ဒီလုပ်ငန်းကို ရပ်ဆိုင်းဖို့ ဆန္ဒထုတ်ဖော်တားဆီးခဲ့ပေမယ့်လည်း ဖေဖော်ဝါရီ ၂၆ ရက်နေ့ ညနေပိုင်းမှာ ငွေကမ္ဘာကျော် ကုမ္ပဏီက ကျောက်တွေ ထပ်မံတင်ဆောင်လာတဲ့အတွက် အဲဒီကားကို ၀ိုင်းဝန်းဟန့်တားခဲ့ကြတာလို့ နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ အထွေထွေအတွင်းရေးမှူး စိုင်းထွန်းလှိုင်က ဒီဗွီဘီကို ပြောပါတယ်။
ကျားဖြူပါတီ၊ ကျားခေါင်းပါတီက အဖွဲ့ဝင်တွေရော ပြည်သူတွေပါ စုစုပေါင်း လူ ၁၀၀ ကျော် ကန့်ကွက်ဟန့်တားပြီးတဲ့နောက် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ထွန်း ရောက်ရှိလာပြီး ခရိုင်ရုံးမှာ သွားရောက်ညှိနှိုင်းဖြေရှင်းခဲ့ကြပါတယ်။
ခရိုင်ဝန်က ပြည်သူတွေ သဘောမတူတဲ့ကိစ္စ မလုပ်ဆောင်ဖို့၊ နောက်နောင် ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်ပါမှ ဆောင်ရွက်ဖို့ သတိပေးပြောကြားပြီး ပြေလည်မှုရသွားတယ်လို့ သိရပါတယ်။
[gallery ids="83441,83442,83443,83444,83445,83446"]











