
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်မှုထမ်းကြေး ကျပ် သိန်း ၁၀၀ ကျော် ရမယ်လို့ လိမ်လည်စည်းရုံး ခေါ်ခံရပြီး စစ်မှုထမ်းအပို့ခံရတဲ့ လူငယ် သေဆုံးသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
သေဆုံးသွားသူမှာ ရေကြည်မြို့နယ်၊ မယင်းကူးကျေးရွာက ကိုကျော်ကျော် ဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က စစ်မှုထမ်းပါက ထောက်ပံ့ကြေး ကျပ်သိန်း ၁၀၀ ကျော် ရမယ်လို့ စည်းရုံးကာ စစ်မှုထမ်းထဲ ထည့်ခဲ့ပြီး မိသားစုတွေကို ငွေကျပ် ၇ သိန်းသာ ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်မှုထမ်းထဲ အပို့ခံရတဲ့ ကိုကျော်ကျော်ဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၇ တက်ရောက်ခဲ့ရပြီးနောက် မွန်ပြည်နယ်ဘက်က ရှေ့တန်းအပို့ခံရပတယ်။ ဧပြီ စတုတ္ထအပတ်က သေဆုံးသွားပြီး မေ ၂၈ ရက်မှာ စစ်တပ်ဘက်က မိသားစုတွေဆီ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။
မိသားစုနဲ့နီးစပ်သူက “မိသားစုတွေကို ငွေသိန်း ၁၀၀ ကျော် ပေးလိုက်မယ်ဆိုပြီး ကိုကျော်ကျော်ကို အုပ်ကြီးက သူဌေးတယောက်ရဲ့သားနေရာ အစားထိုး ထည့်လိုက်တာ။ မိသားစုတွေကို အုပ်ကြီးက ငွေ ၇ သိန်းပဲ ပေးတယ်။ ထပ်မပေးဘူး။ အခုတော့ လူက သေသွားရရှာပြီ” လို့ ပြောပါတယ်။
ကိုကျော်ကျော်ကို ငွေကျပ် သိန်း ၁၀၀ ရမယ်လို့ လိမ်လည်ကာ စစ်မှုထမ်းဖို့ထည့်လိုက်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က အစားထိုးကြေးရတဲ့ငွေကို ကိုယ်ကျိုးအတွက်သုံး စွဲခဲ့တာလို့ သိရပါတယ်။
ဒေသခံ ပြည်သူတယောက်က “အုပ်ကြီးလှမြင့်က စစ်မှုထမ်းကြေးကောက်တယ်။ ကင်းကြေး ကောက်တယ်။ သူဌေးတွေရဲ့ သားတွေနေရာမှာ မရှိဆင်းရဲသားတွေနဲ့ အစားထိုးတယ်။ အစားထိုးကြေးကို ဖြတ်စားတယ်။ လှမြင့် သူ့ လုပ်ရပ်က ပြောမကုန်ဘူး''လို့ ပြောပါတယ်။
ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလှမြင့်က လိမ်လည်စည်းရုံးပြီး စစ်မှုထမ်းထဲထည့်ခဲ့တဲ့ ကိုကျော်ကျော်ဟာ မိသားစုနဲ့ အဆက်အသွယ်ပြတ်တောက်ခဲ့ပြီး သေဆုံးသွားပေမဲ့ မိသားစုကို စစ်အာဏာရှင်တပ်ဘက်က အချိန်တလလောက်အကြာရောက်မှ အကြောင်းကြားခဲ့တာလို့ သိရပါတယ်။










