
ဗြိတိန်နိုင်ငံ၊ အင်္ဂလန်နယ်နဲ့ ဝေလနယ်တို့မှာ မေလနဲ့ ဇွန်လ အပူလှိုင်းတွေအတွင်း အပူနဲ့ဆက်စပ်တဲ့ အကြောင်းရင်းတွေကြောင့် လူပေါင်း ၂,၇၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဇူလိုင် ၁၃ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတရပ်က ဖော်ပြပါတယ်။
လန်ဒန် အင်မ်ပီးရီးရယ်လ်ကောလိပ်၊ မိုးလေဝသရုံး၊ လန်ဒန် သန့်ရှင်းရေးနဲ့ အပူပိုင်းဒေသ ဆေးပညာ ကျောင်းတို့ကလုပ်တဲ့ သုတေသနဟာ သမိုင်းဝင် သေဆုံးမှုနှုန်း မှတ်တမ်းတွေကို သုံးခဲ့ပြီး အပူလွန်ကဲတဲ့ ကာလ ၂ ခုလုံးမှာ သေဆုံးမှုတွေကို ပုံစံထုတ်ဖို့ ပြန်သုံးသပ်ထားတဲ့ နည်းလမ်းတွေကို ဖန်တီးခဲ့ပါတယ်။
ပြီးခဲ့တဲ့လက အပူလှိုင်းကြောင့် ဗြိတိန်မှာ အပူချိန် အလွန်အမင်း မြင့်တက်ခဲ့ပြီး ဇွန်လရဲ့ အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ပါတယ်။
သုတေသနကနေ အဓိကသင်ခန်းစာယူရမဲ့အချက်က ဗြိတိန်နိုင်ငံဟာ အခု အလွန်အန္တရာယ်များတဲ့ အပူအဆင့်တွေကို ကြုံတွေ့နေရတယ်လို့ လန်ဒန် အင်မ်ပီးရီးရယ်လ်ကောလိပ်က ရာသီဥတုဆိုင်ရာ သုတေသန လက်ထောက် ကလဲရ် ဘားနက်စ်က ပြောပါတယ်။ ဒါဟာ အားလုံး သတိပြုရမဲ့အရာပါလို့ ဘားနက်စ်က ထပ်လောင်းပြောခဲ့ပါတယ်။
Source: Reuters










