
စပိန်တောင်ပိုင်းမှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ ပစ်ခတ်မှုအတွင်း ဂိုဏ်းခေါင်းဆောင်ရဲ့ ယောက္ခမ၊ ကိုယ်ဝန်ဆောင် ညီမနဲ့ တခြားဆယ်ကျော်သက်တယောက် စုစုပေါင်း ၃ ယောက် သေဆုံး ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။
သံသယရှိသူ ဂိုဏ်းခေါင်းဆောင်ရဲ့ အသက် ၁၈ နှစ်အရွယ် တူဟာ သြဂုတ် ၁၆ ရက်က ပစ်ခတ်မှုမှာ အပြင်းအထန် ဒဏ်ရာရခဲ့ပြီး တခြားတယောက် ဒဏ်ရာအနည်းငယ် ရခဲ့တယ်လို့ Guardia Civil ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပေါ်တူဂီနယ်စပ်ကနေ ၄ ဒသမ ၇ မိုင်အကွာက ကမ်းရိုးတန်းမြို့ အစ္စလာ ခရစ်တီနာရဲ့ အယ်လ် ရိုစီယိုရပ်ကွက်မှာ ပြိုင်ဘက် မူးယစ်ဆေးဝါးရောင်းဝယ်မှု ဂိုဏ်းတွေကြား အငြင်းပွားမှုတခုအဖြစ် ၃ လောင်းပြိုင် လူသတ်မှုကို ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။
အမြောက်အမြား ပစ်ခတ်ခံရပြီးတဲ့နောက် အဖမ်းအဆီး မရှိသေးဘဲ ရဲတွေက ပြောင်းရှည် သေနတ် ကို သုံးတဲ့ တိုက်ခိုက်သူကို ရှာနေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သေဆုံးသူတွေဟာ ဂိုဏ်းခေါင်းဆောင် အယ်လ်ဘာဘာရဲ့ အသက် ၆၂ နှစ်အရွယ် ယောက္ခမနဲ့ အသက် ၃၉ နှစ်အရွယ် ညီမတို့ဖြစ်ပြီး အသက် ၁၈ နှစ်အရွယ် တူဖြစ်သူကတော့ အပြင်းအထန် ဒဏ်ရာ ရခဲ့တယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
သေဆုံးသူ တတိယမြောက်လူကတော့ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးတယောက် ဖြစ်ပြီး မိသားစုနဲ့ ဆွေမျိုးတော်စပ်မှု မရှိပါဘူး။
ဘာဘာမျိုးနွယ်စုလို့ခေါ်တဲ့ မျိုးနွယ်စုဟာ "မိုရီညာ မျိုးနွယ်စု" လို ပြိုင်ဘက်မိသားစုတွေနဲ့ ရန်ငြိုး ထားခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ပစ်ခတ်မှုတခုအပြီးမှာ သူတို့ကြား အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။
အယ်လ်ဘာဘာကို သီတင်းပတ်အနည်းငယ်အကြာမှာ စပိန်နိုင်ငံမြောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပြီး ရုံးတင် မစစ်ဆေးမီ ထိန်းသိမ်းခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြပါတယ်။
Source: Reuters











