
ရခိုင်ဒေသကို စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေဟာ နေ့စဉ်ရက်ဆက် ပိုမိုပြင်းထန်လာနေတဲ့ အခြေအနေမှာ ရခိုင်ဒေသခံတွေဟာ နေရပ်စွန့်ခွာပြီး တောတောင်ထဲမှာ တိမ်းရှောင်နေကြရသလို အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် ရုန်းကန်နေကြရ ပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ၄၉၂၆ စစ်ဆင်ရေးစပြီးနောက်ပိုင်း စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပုဏ္ဏားကျွန်း၊ ဝီရဌာနီ (ပေါက်တော)နဲ့ ရသေ့တောင် မြို့နယ်တွေကို လက်နက်ကြီးနဲ့ ရေကြောင်းပစ်ခတ်မှုတွေ နေ့စဉ်ရှိနေတာပါ။
အလားတူကျောက်တော် ၊ မြောက်ဦးအပါအဝင် ရခိုင်က မြို့နယ်တိုင်းကိုလည်း လေကြောင်းကနေ နေ့စဉ်ရက်ဆက်ဗုံးကြဲနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာလ ၁ ရက်ကလည်း ရခိုင်က မြို့နယ် ၄ ခုထက်မနည်းကို စစ်အာဏာရှင်တပ်က ဗုံးကြဲခဲ့တာ ကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၁၂ ယောက် သေဆုံးခဲ့ပြီး ၃၂ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အလားတူစက်တင်ဘာ ၂၈ ရက်က ကျောက်တော်မြို့က အိန္ဒိယ-ရခိုင်နယ်စပ်ကုန်သွယ်ရေးရဲ့ အချက်အချာ အိန္ဒိယဈေး ဗုံးကြဲခံရပြီးနောက်ပိုင်း အရပ်သား ရာချီ ထိခိုက်သေဆုံးခဲ့ရပါတယ်။
ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဈေးပိတ်လိုက်ရတဲ့အတွက် အဲဒီဈေးကို မှီခိုလုပ်ကိုင် နေကြရတဲ့ အခြေခံလက်လုပ် လက်စားဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ စားဝတ်နေရေးကို ရိုက်ခတ်မှု ပိုကြီးမားလာနေပါတယ်။
ကျောက်တော် ဒေသခံတယောက်က “ကျောက်တော်အိန္ဒိယဈေး ဗုံးကြဲတဲ့ဖြစ်စဉ်ကြောင့် အိန္ဒိယဈေးကလည်း ပိတ်ထားရတယ်ဆိုတော့ စစ်ရှောင်တွေရော တချို့လက် လုပ်လက်စားတွေ ရောက အစအကုန်လုံးနီးပါးကို အလုပ်က မရှိသလိုဖြစ်နေကြတာပါ။ လမ်းသွား နေရင်တောင်မှ ဒီလေယာဉ်သံကြားရင်တောင် စိတ်တွေက မလုံခြုံတဲ့ အခြေအနေကို ဖြစ်နေကြတာပေါ့။ ခရီးသည်လေယာဉ်ပဲဖြစ်ဖြစ် ဂျက်တိုက်လေယာဉ်ပဲဖြစ်ဖြစ် လာတယ်ဆိုတဲ့အသံကိုကြားတာနဲ့ကို အကုန်လုံးက ကိုယ့်ရဲ့လုပ်လက်စ အလုပ်တွေကို ထားပြီးတော့ ကိုယ်တို့ရဲ့ လုံခြုံမဲ့နေရာတွေဆီကိုပဲ ပြေးကြတာမျိုးတွေရှိတယ်ဗျ။ အခုက လေကြောင်းရန်ကလည်း အမြဲတမ်းလိုလိုဖြစ်နေတယ်ဆို တော့ အလုပ်ကိုထွက်လုပ်မဲ့ အချိန်ကိုမရှိတော့ဘူး။အလုပ်တွေကိုသွားထွက်လုပ်ရင်လည်း အဲ့မှာ လေကြောင်းကလာတယ်ဆိုရင် အလုပ်က မဖြစ်တော့ဘူး”လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ရခိုင်ကဒေသခံတွေဟာ စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ကြားက လေယာဉ်သံကြားတိုင်း ဗုံးခိုကျင်းထဲ ပြေးဝင်ရတဲ့ ဘဝတွေကို နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေကြရပါတယ်။
ကျောက်တော် ဒေသခံတယောက်က “ဂျက်တွေ ဒီဘက်ကို ဝင်လာနိုင်ခြေရှိနေပါတယ်။ ဒါကြောင့် ဖုန်းချလိုက်ပါတော့မယ်”လို့ ပြောပါတယ်။
အလားတူ ပုဏ္ဏားကျွန်းနဲ့ ဝီရဌာနီမြို့နယ်တွေမှာလည်း စစ်အာဏာရှင်တပ်ရဲ့ လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြို့ပေါ်မှာ လူမနေရဲတော့ဘဲ ကျေးရွာတွေကို ပြောင်းရွှေ့နေထိုင်နေခဲ့ကြရတာပါ။
ဒါပေမဲ့ လက်ရှိမှာ ကျေးရွာတွေအထိပါ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေ ရှိလာတဲ့ အတွက် တောတောင်ထဲမှာပဲ စစ်ဘေးရှောင်အဖြစ်နဲ့ ဖြစ်သလို နေထိုင်နေကြရတာပါ။
ပုဏ္ဏားကျွန်းဒေသခံတယောက်က “ရွာတွေမှာလည်း ဂျက်တွေက အမြဲဝဲနေတော့ မနေရဲကြတော့ပါ ဘူး၊ တော၊ တောင်တွေထဲမှာပဲ စစ်ဘေးရှောင်အဖြစ်နဲ့ နေကြပါတယ်။ တချို့က ဟင်းသီးဟင်းရွက် တွေ စိုက်စားကြတယ်။ တချို့ကလည်း တောင်တက်ပြီးတော့ ထင်းခွေ ရောင်းကြတယ်။ တောင်မှာလည်း ထင်းတွေက အရမ်းရှားလာတော့ ထင်းတလိုင်း (ရခိုင်အခေါ်) ထင်းတစည်း ရဖို့တောင် မနည်းရှာရတာပါ။ တရက်မှာ ထင်း ၂ လိုင်းလောက်တော့ ရအောင် ရှာကြတယ်။ ဒါပေမဲ့ ရွာထဲမှာ ပြန်ရောင်းတော့ ထင်းတလိုင်းကိုမှ ၅,၀၀၀ ပဲရတယ်။ ဒါတောင် ဝယ်မဲ့သူရှိမှရတာ။ ဝယ်မဲ့သူမရှိရင် အဲဒီနေ့ တရက်တာ စားဖို့က မရှိတော့ဘူး။ တချို့က မုန့်တွေ လုပ်ရောင်းကြတယ်။ မုန့်ရောင်းနေရင်း ဂျက်တွေလာပြီဆိုရင်တော့ လုပ်နေတဲ့အလုပ်တွေပစ်ပြီး ဗုံးခိုကျင်းထဲ ဝင်ပြေးရတာပါဘဲ ၊ အခက်အခဲအကျပ်အတည်းတွေကတော့ အများကြီးပါပဲ”လို့ ပြောပါတယ်။
ရေလုပ်ငန်းကို အဓိကမှီခိုရတဲ့ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှာလည်း ရေတပ်ရဲ့ ပစ်ခတ် ဖမ်းဆီးမှု တွေကြောင့် ငါးဖမ်းမထွက်နိုင်တော့ဘဲ စားဝတ်နေရေးအတွက် အခက်အခဲဖြစ် နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၂၆ ခုနှစ် နှစ်စကနေ နိုဝင်ဘာ ၅ ရက်အထိ စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၃၅၇ ယောက်သေဆုံးပြီး ၅၂၆ ယောက် ဒဏ်ရာရ ရှိခဲ့တယ်လို့ DVB က ကောက်ယူထားတဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
ကေခိုင်











