
ရုရှားနိုင်ငံ၊ မြောက်ကော့ကေးဆပ်ဒေသ၊ ဒါဂက်စတန်ပြည်နယ်ထဲက ကီဇီးလို့တ်မြို့မှာရှိတဲ့ ဓာတ်ငွေ့ ပိုက်လိုင်းတခုမှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်း အရေးပေါ်ဝန်ကြီး ဌာနကို ကိုးကားပြီး TASS သတင်းဌာနက ဇွန် ၉ ရက်မှာ ဖော်ပြပါတယ်။
ဒါဂက်စတန်ပြည်နယ် ကီဇီးလို့တ်ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ အဲဒီ ဒေသမှာ မီးတောက်ကြီး လောင်ကျွမ်းနေတာကို မြင်တွေ့ရပါတယ်။
ကီဇီးလို့တ်မြို့မှာ မနေ့က ဓာတ်ငွေ့ပိုက်လိုင်း ၃ ကြိမ် ပေါက်ကွဲခဲ့တယ်ဆိုတာကို ဒေသတွင်း အရေးပေါ်ဝန်ကြီးဌာနနဲ့ မြို့တော်ဝန်ရုံးက အတည်ပြုပါတယ်။
အရေးပေါ်ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ "ပဏာမသတင်းအချက်အလက်တွေအရတော့ အချင်း ၁,၂၀၀ မီလီမီတာရှိတဲ့ ပင်မဓာတ်ငွေ့ပိုက်လိုင်းမှာ ပေါက်ကွဲမှု ၃ ကြိမ် ဖြစ်ပွားခဲ့တာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်လက်စုံစမ်းနေဆဲပဲ” လို့ သိရပါတယ်။
လူထိခိုက်ဒဏ်ရာရတာ ဒါမှမဟုတ် ပျက်စီးဆုံးရှုံးမှု ရှိ မရှိ ဆိုတဲ့ သတင်းအချက်အလက်ကိုတော့ လောလောဆယ် မသိရသေးပါဘူး။
မြို့ရဲ့ စက်မှုဇုန်ထဲမှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဓာတ်ငွေ့ဖြန့်ဖြူးရေးစခန်းတခုပါ မီးကူးစက် လောင်ကျွမ်းသွားတယ်လို့ ယူဆရကြောင်း ကီဇီးလို့တ် မြို့တော်ဝန်ရုံးရဲ့ ပြောကြားချက်ကို ကိုးကားပြီး Interfax သတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters










