
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဟွေ့ကကျောဝ်းမြို့နယ်၊ ဟွေ့ကကျောဝ်းရပ်ကွက်ရှိ သတ္တုအရည်ကျိုစက်ရုံမှာ ဩဂုတ် ၄ ရက် မနက်က ပေါက်ကွဲမှုဖြစ်ပြီး မြန်မာ ရွှေ့ပြောင်း လုပ်သားအများစု အပါအဝင် ၇ ယောက် ထိခိုက်ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြ ပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေက မြန်မာအလုပ်သမား ၅ ယောက်၊ ထိုင်းလုပ်သားတယောက်နဲ့ တရုတ်နိုင်ငံသား တယောက် ဖြစ်တယ်လို့ ချလိုမ်ဖရကစ်ဆေးရုံက မြို့နယ်ရဲတပ်ဖွဲ့ကို ဩဂုတ် ၄ ရက် မနက် ၉ နာရီမှာ အကြောင်းကြားခဲ့တယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က အဆိုပါပေါက်ကွဲမှုဖြစ်တဲ့ နေရာတဝိုက်ကို ကန့်သတ်ဇုန်အဖြစ် ကြိုးတားပြီး ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို အသေးစိတ် စစ်ဆေးနေတယ်လို့ ဟွေ့ကကျောဝ်းရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
ပေါက်ကွဲမှုမှာ သတ္တုအရည်ကျိုမီးဖိုက အပူလွန်ကဲပြီး ပြင်းထန်တဲ့ ဖိအားနဲ့ ရုတ်တရက် ပေါက်ကွဲ တယ်လို့ ကနဦး ယူဆပြီး ညဆိုင်းအလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတဲ့အပြင် စက်ရုံအနီးတဝိုက် လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။
ပေါ်ကွဲမှုဟာ အဲဒီနေ့ မနက် ၁ နာရီ မိနစ် ၅၀ လောက်မှာ ဖြစ်ပွားခဲ့ပေမဲ့ စက်ရုံတာဝန်ရှိသူတွေဟာ နယ်မြေရဲစခန်းကို အကြောင်းမကြားခဲ့ဘဲ ဆေးရုံက အကြောင်းကြားလာမှပဲ သိရတယ်။ ဘာကြောင့် ရဲစခန်းကို အကြောင်းမကြားတာလဲ ဆိုတာကို မေးမြန်းစစ်ဆေးနေပါတယ်။
ဒါ့အပြင် စက်ရုံအဆောက်အအုံရဲ့ ကြံ့ခိုင်မှုကို ဆန်းစစ်ကာ သက်သေအထောက်အထား ကောက်ယူ စုဆောင်းတာ၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး စံချိန်စံညွှန်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိလည်း ဆက်လက်စစ်ဆေးနေပြီး စက်ရုံတာဝန်ရှိသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
Source: JoCho News / Kanchanaburi News










