
စက်သုံးဆီရောင်းတဲ့အခါ ယာဉ်အားလုံးကို Barcode/ QR Code တွေ Scan မဖတ်ဘဲရောင်းနေတဲ့ ဆိုင် ၃၀ လောက်ကို နောက်ဆုံးအကြိမ် သတိပေးထားပြီး တိုင်ကြားခံရတဲ့ ဆိုင်တဆိုင်ကိုတော့ ယာယီပိတ်ထားတယ်လို့ စစ်ကောင်စီဝါဒဖြန့် သတင်းစာတွေက မတ် ၂၉ ရက်မှာ ဖော်ပြပါတယ်။
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ပလိပ်ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စိန်စီအောင် စက်သုံးဆီအရောင်းဆိုင်ကို အချက်အလက် ပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားလာတာကြောင့် လိုင်စင် ယာယီပိတ်သိမ်းထားပြီး တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း ထိထိရောက်ရောက် အရေးယူဖို့ လုပ်နေတယ် လို့ ဆိုပါတယ်။
သတ်မှတ်ဈေးနဲ့ မရောင်းတာ၊ သတ်မှတ်ပမာဏ မရောင်းတာ၊ ပုံးတွေနဲ့ ထုတ်ရောင်းတာ၊ Barcode/ QR Code တွေ ကို Scan မဖတ်ဘဲ ရောင်းတာ စတာတို့ကို တိုင်ကြားနိုင်ပြီး အဲဒီဆိုင်ကိုတော့ ဘာကြောင့် တိုင်ကြားတယ်ဆိုတာကို မဖော်ပြထားပါဘူး။
စွမ်းအင်ဝန်ကြီးဌာနရဲ့ Online Monitoring Center က စောင့်ကြည့်စစ်ဆေးမှုအရ စက်သုံးဆီ ရောင်းချတဲ့ အရောင်းဆိုင် ၃၀ လောက်ဟာ ယာဉ်အားလုံးကို Barcode/ QR Code Scan မဖတ်ဘဲရောင်းတာကို စစ်ဆေးတွေ့ရှိလို့ နောက်ဆုံးအကြိမ် သတိပေးထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စက်စွမ်းအားအလိုက် ကန့်သတ်ထားတဲ့ ဆီပမာဏကို တပတ်မှာ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရောင်းချဖို့ စစ်ကောင်စီက စီစဉ်ထားပြီး ဆီဆိုင်တွေမှာတော့ နာရီနဲ့ချီကြာအောင် တန်းစီစောင့်ဆိုင်း ဝယ်ယူနေကြရပါတယ်။










