
ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကူညီဖို့အတွက် စကော့တလန်ပြည်သူတွေက စတာလင် ပေါင်သန်းချီ ရန်ပုံငွေ ရှာဖွေနိုင်ခဲ့ကြတဲ့အကြောင်း စကော့တလန်အခြေစိုက် The National သတင်းတပုဒ်မှာ မတ် ၂၉ ရက်က ဖော်ပြပါတယ်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်မှာ လူပေါင်းထောင်ချီ အသက်ဆုံးရှုံးခဲ့ရတဲ့ စစ်ကိုင်းငလျင်ကြီး ဖြစ်ပွားပြီး တနှစ်အကြာ စကော့တလန်နိုင်ငံမှာ ဘေးသင့်သူတွေအတွက် ရည်ရွယ်ပြီး ရန်ပုံငွေ ရှာဖွေခဲ့ကြတာပါ။
ယူကေလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ ၁၅ ဖွဲ့ကို ကိုယ်စားပြုတဲ့ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကော်မတီ (DEC) က မြန်မာ့ငလျင် အကူအညီပေးရေး ပန်ကြားချက်ကို စတင်ခဲ့ပြီးနောက် စကော့တလန်နိုင်ငံမှာ ပေါင် ၂ ဒသမ ၄ သန်း ရရှိခဲ့တာလို့ ဆိုပါတယ်။
ယူကေနိုင်ငံခြားရေး၊ ဓနသဟာယနှင့် ဖွံ့ဖြိုးတိုးတက်ရေးရုံး (FCDO) က ထည့် ဝင်ငွေ ပေါင် ၅ သန်း အပါအဝင် ယူကေတဝန်းမှာ စုစုပေါင်း ရန်ပုံငွေ ပေါင် ၂၈ သန်းအထိ ရရှိခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အဲဒီလို စုဆောင်းရရှိငွေတွေထဲ စကော့တလန်အစိုးရရဲ့ လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်ရန်ပုံငွေကနေ ထောက်ပံ့တဲ့ ပေါင် ၂၅၀,၀၀၀ လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီရန်ပုံငွေတွေကိုတော့ နိုင်ငံတဝန်း ငလျင်ဒဏ်သင့်ပြည်သူတွေအတွက် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အသုံးပြုနေတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။
စကော့တလန်အခြေစိုက် DEC က တာဝန်ရှိသူတဦးဖြစ်တဲ့ ဟျူးအိုဝင်က "လက်ရှိ ကမ္ဘာပေါ်မှာ လူသားချင်းစာနာမှုဆိုင်ရာ ဘေးအန္တရာယ်တွေ အများကြီးကြုံတွေ့ နေရတဲ့ကြားက စကော့တလန်ပြည်သူတွေက အခုလို ပန်ကြားချက်အပေါ် နောက်တကြိမ် ရက်ရက်ရောရော တုံ့ပြန်ကူညီကြတာကို မြင်ရတာ တကယ်ပဲ စိတ်အားတက်စရာပါပဲ။ ကျနော်တို့ အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းစဉ်တွေအပေါ် အစဉ်တစိုက် ပံ့ပိုးကူညီပေးတဲ့ စကော့တလန်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ စိန်ခေါ်မှုကြီးမားစွာ ရှိနေပေမဲ့လည်း လူပေါင်း ၅ သိန်းကျော်ကို သူတို့ရဲ့ လိုအပ်ချက်နဲ့ အကိုက်ညီဆုံး နည်းလမ်းတွေနဲ့ ကူညီနိုင်ခဲ့ပြီး အနာဂတ်အတွက် ပြန်လည် တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့ လက်တွေ့ကျတဲ့ ပံ့ပိုးမှုတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီလို အံ့အားသင့်စရာကောင်းတဲ့ ကြိုးပမ်းအားထုတ်မှုမှာ ပါဝင်ကူညီပေးခဲ့ကြသူ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် DEC အဖွဲ့အစည်းတွေဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ငလျင်ဒဏ်ခံနိုင်တဲ့ နေအိမ်တွေကို ဒီဇိုင်းထုတ် တည်ဆောက်ပေးခဲ့သလို လူမှုအသိုက်အဝန်းတွေ အနေနဲ့လည်း နောင်လာမဲ့ ဘေးအန္တရာယ်တွေအတွက် ပိုမိုအဆင်သင့်ဖြစ်စေဖို့လည်း ကူညီပေးခဲ့တယ်လို့ ဆိုပါတယ်။
အင်းလေးကန်ဒေသမှာတော့ နေအိမ်သစ် ဆောက်လုပ်တာတွေကို ဒေသခံပြည်သူတွေ၊ ကျေးရွာခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့သလို ငလျင်ကြောင့် စိုက်ပျိုးမြေတွေ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ တောင်သူ ၁၀၀ ကျော်ကိုလည်း သူတို့ လယ်ယာမြေတွေ ပြန်လည်ပြုပြင်နိုင်ဖို့ DEC အဖွဲ့တွေက ပံ့ပိုးကူညီနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီထဲမှာတော့ လူပေါင်း ၁၅၉,၉၀၀ ယောက်အတွက် အစားအသောက်၊ အဝတ်အထည်နဲ့ တခြား မရှိမဖြစ်လိုအပ်တဲ့ အိမ်သုံးပစ္စည်းတွေ ဝယ်ယူနိုင်ဖို့ ငွေသားနဲ့ ဈေးဝယ် ဘောက်ချာတွေ ထောက်ပံ့ပေးတာတွေလည်း ပါဝင်သလို ရေအရင်းအမြစ် ပြန်လည်ပြုပြင်တာ၊ ရေသယ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးတာတွေကတဆင့် လူပေါင်း ၁၅၃,၈၀၀ ယောက်ကို သောက်သုံးရေ ပိုမိုရရှိအောင် ဆောင်ရွက်ပေးခဲ့တာတွေလည်း ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ဒါ့အပြင် ပျက်စီးသွားတဲ့ နေအိမ်တွေကို ပြန်လည်တည်ဆောက်တာ၊ ပြုပြင်တာ စတဲ့လုပ်ငန်းတွေ ဆောင်ရွက်နေသလို လူပေါင်း ၄၇,၆၀၀ ယောက်ကို တဲတွေနဲ့ မိုးကာစတွေလို ယာယီခိုလှုံရာ အထောက်အပံ့တွေ ပေးအပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
လူပေါင်း ၄၅,၂၀၀ ယောက်ကိုတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါးပစ္စည်းတွေ၊ ကလေးကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုတွေနဲ့ အာဟာရဆိုင်ရာ ပံ့ပိုးမှုတွေ ရရှိအောင် ဆောင်ရွက်ပေးခဲ့သလို လူပေါင်း ၄၃,၁၀၀ ယောက်ကိုတော့ စိတ်ကျန်းမာရေးနဲ့ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပေးအပ်ခဲ့တဲ့အပြင် လူထုကျန်းမာရေး ကဏ္ဍတွေကိုလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကလေးသူငယ်တွေအတွက် သီးသန့်နေရာတွေလို ဘေးအန္တရာယ်ကနေ ပြန်လည်ထူထောင်ရေးကာလအတွင်း ကလေးငယ်တွေ ဆက်လက်သင်ယူနိုင်ဖို့၊ ဆော့ကစားနိုင်ဖို့ ပံ့ပိုးပေးနေတာတွေလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း အင်အားပြင်းငလျင်လှုပ်ခတ်မှု တနှစ်အကြာ ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်မှုတွေကြောင့် ငလျင်ဘေးသင့်မြန်မာပြည်သူတွေဟာ ဝမ်းရေးဒုက္ခတွေနဲ့ ထပ်မံရင်ဆိုင်နေကြရပြီး ရန်ပုံငွေ အမေရိကန်ဒေါ် လာသန်း ၁၅၀ လိုအပ်နေတယ်လို့ ပြီးခဲ့တဲ့ မတ် ၂၇ ရက်မှာ သတင်းမှာ ဖော်ပြထားပါတယ်။
တကယ်လို့သာ လုံလောက်တဲ့ရန်ပုံငွေ မရရှိပါက WFP အနေနဲ့ အရေးပေါ် အသက်ကယ်ဆယ်ရေး လုပ်ငန်းတွေကိုသာ ဦးစားပေး လုပ်ဆောင်ရတော့မှာဖြစ်ပြီး ငလျင်ဘေးသင့် ပြည်သူတွေရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေ ပြန်လည်ထူထောင်ရေးနဲ့ အကူအညီအပေါ် ရေရှည်မှီခိုနေရမှုကို လျော့ပါးစေမဲ့ လုပ်ငန်းတွေကို လျှော့ချရဖွယ် ရှိနေတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ပြင်းအား ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင်ကြီးကြောင့် မြန်မာနိုင်ငံမှာ အနည်းဆုံး လူ ၅,၀၀၀ ကျော် သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေ အများအပြားရှိခဲ့တာ ဖြစ်ပါတယ်။
Source: The National










