DVB Logo
Home
Lead Story
လန်ဒန်ရှိ မြန်မာစစ်အာဏာရှင်သံရုံးဆွေးနွေးပွဲ ဖျက်သိမ်းလိုက်ရ
မြတ်နိုးအောင်
·
May 14, 2026
Photo: Burma Campaign UK.
Photo: Burma Campaign UK.
Donate to DVB

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ မြန်မာစစ်အာဏာရှင်သံရုံးက ကျင်းပဖို့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲအစီအစဉ် ပျက်ပြယ်သွားတဲ့အပေါ် Burma Campaign UK (BCUK) အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

မေ ၁၄ ရက် ဒီကနေ့ကျင်းပဖို့ စီစဉ်ထားတဲ့ အဆိုပါပွဲကို သပိတ်မှောက်ကြဖို့ Burma Campaign UK နဲ့ Stars of Myanmar Friendship အဖွဲ့တို့က တိုက်တွန်းခဲ့ကြသလို ပွဲကျင်းပချိန် သံရုံးရှေ့မှာ ဆန္ဒပြပွဲပြုလုပ်ကြဖို့၊ ဖိတ်ကြားခံရနိုင်တဲ့ နိုင်ငံတကာသံအမတ်တွေဆီကိုလည်း တက်ရောက်ခြင်း မပြုဖို့ စာရေးသား ပေးပို့ တားမြစ်ခဲ့တာတွေကြောင့် ခုလို ပွဲပျက်သွားရတာလို့ ဆိုပါတယ်။

ဒီတွေ့ဆုံဆွေးနွေးပွဲဟာ ၂၀၂၅ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ် အစောပိုင်းတို့မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေအပြီး နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရရှိဖို့ စစ်အာဏာရှင်က အသည်းအသန် ကြိုးပမ်းနေတဲ့ ပြည်သူ့ဆက်ဆံရေးထိုးစစ်တခုရဲ့ အစိတ်အပိုင်းဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Burma Campaign UK အဖွဲ့က မင်းသန့်ဗိုလ်က “ဒါဟာ လန်ဒန်က စစ်ကောင်စီထိန်းချုပ်ထားတဲ့ သံရုံးအတွက် အရှက်ရစရာ ဖြစ်ရပ်ပါ။ မြန်မာနိုင်ငံမှာ ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့်ကို ပိတ်ပင်ထားပြီး လန်ဒန်မှာတော့ ဒီလိုပွဲမျိုး လုပ်နိုင်မယ်လို့ ထင်နေတာ ရယ်စရာကောင်းပါတယ်။ စစ်သံမှူး ဗိုလ်မှူးစိုးအောင်ကို ယူကေကနေ ပြည်နှင်ဒဏ်ပေးဖို့ ကျနော်တို့ ဆက်လက် လှုပ်ရှားသွားမှာပါ” လို့ ပြောပါတယ်။

Stars of Myanmar Friendship အဖွဲ့က မဂျူးလီခိုင်ကတော့ “မြန်မာသံရုံးအနေနဲ့ ဒီမိုကရေစီထွန်းကားတဲ့ ဒီမြေပေါ်မှာ နောက်တခါ ထပ်မကြိုးစားပါနဲ့။ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်အတွက် ဝါဒဖြန့်တာတွေကို ကျမတို့ ပြင်းပြင်းထန်ထန် တုံ့ပြန်သွားမှာပါ။ ဒီအစိုးရကို ကျမတို့ အသိအမှတ်မပြုဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် Myanmar Accountability Project က ခရစ်တိုဖာဂန်းနက်စ်က “လူအစုလိုက်အပြုံလိုက် သတ်ဖြတ်သူတွေနဲ့ ဆက်ဆံခြင်းဟာ သူတို့ကို ပိုပြီးသတ်ဖြတ်ဖို့ အားပေးသလို ဖြစ်ပါလိမ့်မယ်။ အရေးယူပိတ်ဆို့မှုတွေနဲ့ တာဝန်ခံမှုရှိစေခြင်းကသာ မြန်မာ့အကျပ်အတည်းက ထွက်ပေါက်ဖြစ်ပါတယ်” လို့ ထောက်ပြပါတယ်။

လက်ရှိမှာတော့ စီစဉ်ထားတဲ့ ဆွေးနွေးပွဲ ပျက်ပြယ်သွားပေမဲ့ ဒီကနေ့ နေ့လယ် ၁ နာရီကနေ ၂ နာရီအထိ လန်ဒန် မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပွဲတခုကို ဆက်လက်ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြတ်နိုးအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013