
ဒီနှစ် တောင်ပြုန်းပွဲက ကိုဗစ်ကပ်ရောဂါကာလမတိုင်ခင်က ကျင်းပခဲ့တဲ့ပွဲတော်တွေနီးပါး စည်ကား တယ်လို့ တောင်ပြုန်းဒေသခံတွေနဲ့ ခရီးသွားတွေက ပြောပါတယ်။
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုန်းကျေးရွာက အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင်တောင်ပြုန်း ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီးလောင်းလှူပွဲနဲ့ တောင်ပြုန်းအရှင်နှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်းပိုင်းကနေ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ် ကျင်းပပါတယ်။
ဒီနှစ်မှာလည်း တောင်ပြုန်းပွဲတော်ကို ဩဂုတ် ၂၁ ရက် ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့ ၂၈ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစလို့ တောင်ပြုန်းပွဲကို ရိုးရာအစဉ်အလာမပြတ်သာ အကျဉ်းရုံးသာ ကျင်းပခဲ့ပြီး ဒီနှစ်မှသာ စည်စည်ကားကား ပြန်ကျင်းပနိုင်တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒီနှစ် တောင်ပြုန်းပွဲကတော့ ၂၀၂၀ ပြည့်နှစ် ကိုဗစ်ကပ်ရောဂါ ကာလမတိုင်ခင်က ကျင်းပခဲ့တဲ့ပွဲတွေနီးပါး စည်ကားတယ်လို့ တောင်ပြုန်းကျေးရွာမှာ နေထိုင်သူ တယောက်က ပြောပြပါတယ်။
“စည်တယ် နတ်နန်းတွေလည်း ဆိုင်းတီးကြတယ်လေ၊ စမ်းရေမိုးဇာတ်ပွဲ တပွဲလည်းပါတယ်၊ တည်းခိုဖို့ အိမ်တွေကတော့ ခက်သွားတာပေါ့လေ။ နီးမှကပ်ပြီး ကြေညာလိုက်တော့ လာကြတယ်လေ။ အိမ်တွေလည်း ပြည့်နေတာပဲ။ ကနားခန်းတွေကလည်း တချို့ မဆောက်တဲ့သူတွေက အိမ်တွေ ငှားတာပေါ့လေ။ ညဘက်လည်း လုပ်တယ်၊ ဇာတ်က အလင်းထိ ကတာလေ။ မနက် ၅ နာရီထိ ကနားတွေကလည်း မိုးလင်းပေါက် ချော့တဲ့သူတွေရှိတယ်။ တချို့ အလင်းနီးပါးရောက်တဲ့ ကနားတွေ ရောက်တယ်၊ တချို့လည်း ညဝက်ပေါ့လေ၊ နေ့လုံးပေါက် ညလုံးပေါက်ပဲ ချော့တဲ့သူရှိရင်တော့ တချို့နန်းတွေက မိုးလင်းပေါက်တယ်။ ချော့တဲ့သူမရှိတော့ ၁၂၊ တချက် သိမ်းတဲ့နန်းတွေလည်း ရှိတာပေါ့လေ။”
ဒီနှစ် တောင်ပြုန်းပွဲမှာ ဇာတ်မင်းသား စမ်းရေမိုးရဲ့ အငြိမ့်ပွဲ ကျင်းပခွင့်ရတဲ့အတွက်လည်း အရင်နှစ်တွေထက် ပိုလူစည်ကားတာလို့ ဒေသခံတွေက ပြောပြပါတယ်။
တောင်ပြုန်းပွဲ ကျင်းပဖို့ ရက်ကို ဇူလိုင် ၂၀ ရက်မှာ စစ်အာဏာရှင်အစိုးရက ကြေညာခဲ့တဲ့အတွက် ပွဲတော်ကာလအတွင်း တည်းခိုစရာ အိမ်ငှားဖို့အတွက်တော့ အခက်အခဲကြုံခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ပြုန်းပွဲတော် လုံခြုံရေးကိုတော့ စစ်အာဏာရှင်အစိုးရတပ်ရဲ့ ပြင်ဦးလွင်ခရိုင် တာဝန်ရှိသူတွေနဲ့ တောင်ပြုန်းကျေးရွာအုပ်စုက ရပ်မိရပ်ဖတွေက ပေါင်းပြီး လုံခြုံရေးတာဝန်ယူထားရတယ်လို့ ဆိုပါတယ်။
တောင်ပြုန်းပွဲကို ကိုဗစ်ကပ်ရောဂါနောက်ပိုင်းနဲ့ အာဏာသိမ်းရှေ့ ၅ နှစ်တာမှာတော့ အကျဉ်းရုံး ကျင်းပခဲ့ကြပါတယ်။
အခုနှစ်မှာတော့ စည်စည်ကားကား ကျင်းပခွင့်ရသလို နိုင်ငံအနှံ့က ခရီးသွားတွေလာတာကြောင့် မန္တလေးကနေ တောင်ပြုန်းသွားတဲ့ လမ်းမှာ ကားပိတ်တာတွေ ကြုံရတယ်လို့ ခရီးသွားတွေက ပြောပါတယ်။
တောင်ပြုန်းပွဲ အလည်သွားသူတယောက်က “မန္တလေးကနေ တောင်ပြုန်းသွားတော့ မန္တလေးတောင် အဆင်းမှာ တပ်ဂိတ်တဂိတ် ရှိတယ်၊ အိမ်စီးကားတွေ ဘာတွေကတော့ ကိစ္စမရှိဘူး၊ ဘုရားဖူးကားတွေ ဟိုက်ဂျက်တွေ လူအများကြီးပါတဲ့ကားတွေဆို ဂိတ်မှာ အကုန်လမ်းဆင်းလျှောက်ပေါ့။ ပြီးတော့ PSMS မှတ်ပုံတင်စစ်တာလေ၊ မှတ်ပုံတင်စစ်တာ များတယ်။ ဒီမှာက မှတ်ပုံတင်မရှိရင် ဘယ်မှ သွားလို့မရတဲ့ အနေအထားဖြစ်နေတာ၊ ပွဲကလည်း စည်တယ်။ အများကြီးပဲ ရထားကလည်း ဒီနှစ်မှ ဆွဲတာဆိုတော့ ဆွဲတဲ့ရထားတိုင်းကလည်း အများကြီးပဲ။ အပြည့်မှ လူအပြည့်နဲ့ စည်တာတော့ တော်တော်စည်တယ် မနှစ်ကထက်စာရင်”လို့ ပြောပါတယ်။
ဇူလိုင်လဆန်းလောက်ကစပြီး မတ္တရာမြို့နယ်ဝန်းကျင်မှာ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်ထားသလို ညဘက်တွေမှာလည်း တံတားဦးလေတပ်က တက်တဲ့ လေယာဉ်တွေလည်း တောင်ပြုန်းရွာကို ဖြတ်သန်းပြီး ပျံနေတဲ့အတွက် တောင်ပြုန်းပွဲ စည်ကားနေပေမဲ့ တိုက်ပွဲတွေ ဖြစ်လာမှာကိုတော့ ဒေသခံတွေက စိုးရိမ်နေကြပါတယ်။











