DVB Logo
Home
Lead Story
မင်းအောင်လှိုင်၏ တဆင့်နိမ့်ခရီးစဉ်
လှစိုးဝေ
·
June 2, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

မင်းအောင်လှိုင် အဖို့ မျက်နှာမလှ ဖြစ်ခဲ့ရသည်က ၎င်း၏ ခရီးစဉ်အတွင်း တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပွားခဲ့သော တရုတ်နယ်စပ်အနီး ပေါက်ကွဲမှုကြီးက နိုင်ငံတကာ သတင်းစာမျက်နှာများကို ဖုံးလွှမ်းသွားခြင်းပင် ဖြစ်သည်။

အိန္ဒိယ၏ ကြိုဆိုမှုကလည်း သံတမန်ရေးအရ အဆင့်နှိမ့်ချထားသည်ကို တွေ့ရသည်။ ထုံးတမ်းစဉ်လာဖြစ်သော နှစ်နိုင်ငံခေါင်း‌ဆောင်များ ထွက်၍ ဝန်ကြီးချုပ် မိုဒီနှင့်အတူ ပူးတွဲ သတင်းစာရှင်းလင်းပွဲကိုလည်း အတိမ်းအစောင်းမခံနိုင်‌သော အခြေအနေများကြောင့်ဟု ဆိုကာ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။

အလားတူ လုပ်ရိုးလုပ်စဉ်ဖြစ်‌သော အလည်အပတ် ရောက်ရှိနေသည့် နိုင်ငံတော်အကြီးအကဲ တဦးအား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် ရှိသည်ကိုလည်း ခရီးစဉ်အတွင်း ချန်လှပ်ထားခဲ့သည်ဟု သိရသည်။

၂၀၂၀ ဖေဖော်ဝါရီ ၂၉ ရက်က ပြည်သူရွေးကောက်ခံ သမ္မတကြီး ဦးဝင်းမြင့်အား ထိုစဉ်က အိန္ဒိယသမ္မတ ရှရီ ရမ်းနတ်ကိုဗင်က  နိုင်ငံတော် ညစာစားပွဲဖြင့် တည့်ခင်းဧည့်ခံခဲ့သည်။

အခုတော့ ဒေလီသည် သမ္မတတုအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားနေသော မင်းအောင်လှိုင်အား နိုင်ငံရေးအရ အပြည့်အဝ ထောက်ခံအားပေးခြင်းမျိုးအထိ ဖြစ်မသွားရန် သတိကြီးစွာထားခဲ့ပြီး တဖက်တွင်လည်း ၎င်းလိုလားနေသည့် နိုင်ငံတကာ အသိအမှတ်ပြုမှု ဆိုသည့် ပုံရိပ်ကို ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်ဟု အိန္ဒိယရှိ လေ့လာသူများက ဆိုသည်။

တကယ်တမ်းတွင် ဇွန်လ ၁ ရက်နေ့တွင် ကျင်းပရန် စီစဉ်ထားသည့် အိန္ဒိယနိုင်ငံက ဦးဆောင်ဖွဲ့စည်းထားသော International Big Cat Alliance (IBCA) - အပြည်ပြည်ဆိုင်ရာ ကြောင်မျိုးနွယ်ကြီးများ မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့ကြီး၏ အဓိကရည်ရွယ်ချက်မှာ ကမ္ဘာပေါ်ရှိ မျိုးသုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်နေသော “ကြောင်မျိုးနွယ်ကြီး (Big Cats) ၇ မျိုး” ကို ရေရှည် ကာကွယ်စောင့်ရှောက်ရန်နှင့် ၎င်းတို့ ကျင်လည်ကျက်စားရာ ဂေဟစနစ်များကို ထိန်းသိမ်းရန် ဖြစ်သည်။ သို့သော် အာဖရိကတွင် ဖြစ်ပွားနေသော အီဘိုလာ ကူးစက်ရောဂါကြောင့် အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ရသဖြင့် “ကြောင်ချီး” သာ ရောက်လာခဲ့ခြင်း ဖြစ်သည်။

မိုဒီက ၎င်းနှင့်တွေ့ဆုံခဲ့စဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း ထည့်သွင်းမေးမြန်းခဲ့ပြီး အိန္ဒိယနိုင်ငံအနေဖြင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးဖော်ဆောင်မှု၊ အားလုံး ပါဝင်နိုင်မှုနှင့် သက်ဆိုင်သူအားလုံး ဆွေးနွေးပွဲဝိုင်းသို့ ရောက်ရှိလာရေး လိုအပ်ချက်တို့ကို အစဉ်တစိုက် ပံ့ပိုးကူညီပေးနေကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန် သီရိ ဗီကရမ် မစ်ဆရီက သီးခြား ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ပိုင်နက်နယ်မြေကို အိန္ဒိယနိုင်ငံ၏ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်မျိုးအတွက်မျှ အသုံးပြုခွင့်ပေးမည် မဟုတ်ကြောင်း ကတိကဝတ်ကို ထပ်လောင်းအတည်ပြု ပြောကြားခဲ့သည်ဟု ၎င်းက ဖြည့်စွက်ပြောဆိုခဲ့သည်။ ဤသည်က ၎င်းကို ဖိတ်ခေါ်ရသည့် အဓိကအကြောင်းပင် ဖြစ်သည်။

မြန်မာ၏ မဟာဗျူဟာမြောက် အရေးပါမှုသည် အိန္ဒိယ၏ လုံခြုံရေးနှင့် တိုက်ရိုက် သက်ဆိုင်နေသောကြောင့် ဒေလီသည် မြန်မာစစ်ဗိုလ်ချုပ်များနှင့် လုပ်ငန်းသဘောအရ ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားခြင်း ဖြစ်သည်။

ဟောင်ကောင်ထုတ် South China Morning Post သတင်းစာက ယင်းခရီးစဉ်နှင့် ပတ်သက်၍ လေ့လာသူများ၏ အမြင်ကို ယခုလို ဖော်ပြထားခဲ့သည်။

ယခုအခါတွင်မူ အိန္ဒိယအစိုးရ အနေဖြင့် မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ အစိုးရ ခေါင်းဆောင်အဖြစ် ဆက်ဆံနေရပါသည် ဟူသော ဟန်ဆောင်မှုမျိုး လုံးဝမရှိတော့သည့်အပြင် ဤသို့ ဆက်ဆံခြင်းအပေါ် ပြင်ပအမြင် မည်သို့ရှိမည်ဆိုသည်ကိုလည်း ဂရုစိုက်ပုံ မရတော့ခြင်းကသာ ယခင်နှင့်မတူဘဲ ကွာခြားသွားသည့် တခုတည်းသော အချက်ဖြစ်သည်ဟု ဆစ်ဒနီရှိ Lowy Institute မှ အရှေ့တောင်အာရှရေးရာ ဒါရိုက်တာ ဟန်တား မာစတန်က သုံးသပ် ပြောကြားခဲ့သည်။

အိန္ဒိယသည် ချင်းပြည်နယ် ပလက်ဝမြို့နှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် နယ်စပ်ရှိ ဇိုရမ်ပူအီ (Zorinpui) ရွာတို့ကို ဆက်သွယ်မည့် ၁၀၉ ကီလိုမီတာ (၆၈ မိုင်) ရှည်လျားသော ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMMT) ကို အကောင်အထည်ဖော်နိုင်ရန် လိုလားနေသည်။

ထို့ကြောင့် ဤလမ်းကြောင်းကို တည်ငြိမ်မှုရှိစေရန်အတွက် ချင်းပြည်နယ်အတွင်း စစ်ရေးအရ ပိုမိုအင်အားစိုက်ထုတ်ရန် လိုအပ်လိမ့်မည်ဖြစ်ကြောင်း မာစတန်က သုံးသပ်သည်။

ဘင်္ဂလားပင်လယ်အော်အတွင်း မိမိတို့၏ ရေကြောင်းစစ်အင်အားကို ပြသရန်နှင့် ၎င်းတို့၏ ရေပိုင်နက်ဝန်းကျင် ဒေသများအပေါ် တရုတ်က လွှမ်းမိုးချုပ်ကိုင်လာမည့် အန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် မြန်မာကို အရေးပါသော မိတ်ဖက်နိုင်ငံတခုအဖြစ် ရှုမြင်ထားကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဤခရီးစဉ် ပေါ်ပေါက်လာသည့် အချိန်အခါမှာ အချိတ်အဆက်ရှိနေကြောင်း၊ အကြောင်းမှာ ယင်းခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်သို့ လာရောက်ပြီး မင်းအောင်လှိုင်နှင့် နယ်စပ်ဒေသ တည်ငြိမ်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့သည့် ခရီးစဉ်၊ ထို့ပြင် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ပ်၏ ခရီးစဉ်များအပြီး နောက်ဆက်တွဲအဖြစ် ပေါ်ပေါက်လာခြင်းဖြစ်ကြောင်း အိန္ဒိယဘက်က လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

ဩစတြေးလျနိုင်ငံ ကာတင်တက္ကသိုလ်မှ နိုင်ငံတကာစီးပွားရေးပညာရပ်ဆိုင်ရာ တွဲဖက်ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက ဤခရီးစဉ်ကို ‘၎င်း၏ ကိုယ်ကျင့်တရားကို ထောက်ခံမှုထက် လက်တွေ့ကျကျ ထိတွေ့ဆက်ဆံမှု’ ဟု ဖော်ပြခဲ့သည်။

မည်သို့ပင်ဖြစ်စေ အိန္ဒိယနိုင်ငံအနေဖြင့် မင်းအောင်လှိုင်ကို လက်ခံကြိုဆိုခဲ့ခြင်းသည် “သိမ်မွေ့နက်နဲသော နိုင်ငံရေးပရိယာယ် မဟုတ်ဘဲ သစ္စာဖောက်မှုတခုသာ ဖြစ်သည်”ဟု သူက ဆိုသည်။ “ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယသည် နိုင်ငံတကာ ရာဇဝတ်ကောင် အဖြစ် လူအများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားသူတဦးကို ဧည့်ခံကြိုဆိုရန် ဆန္ဒရှိနေခြင်းသည် နိုင်ငံရေးအရ ရွေးချယ်မှုတခုမျှသာ မဟုတ်ဘဲ ၎င်းတို့၏ ဂုဏ်သိက္ခာ ပျက်ယွင်းခံရမည့် ကိစ္စလည်း ဖြစ်သည်”ဟု ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

မင်းအောင်လှိုင်သည် မြန်မာနိုင်ငံ၏ တရားဝင်သမ္မတ မဟုတ်ဟု သူက ဆိုသည်။ ၎င်းသည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖြုတ်ချခဲ့သော ရက်စက်ကြမ်းကြုတ်သည့် အာဏာသိမ်းမှုကို ဦးဆောင်ကြံစည်ခဲ့သူ ဖြစ်ပြီး ထိုအချိန်မှစ၍ မိမိ၏ ပြည်သူလူထုအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်သည့် လုပ်ငန်းစဉ်ကို ဦးဆောင်ကွပ်ကဲနေသူ ဖြစ်သည်။

ထို့အပြင် ပါမောက္ခ ဒေါ်ထွေးထွေးသိန်းက အိန္ဒိယနိုင်ငံ၏ ဖိတ်ကြားမှုတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ခေတ္တရပ်ဆိုင်းထားရန် ကဲ့သို့သော ကန့်သတ်ချက် သို့မဟုတ် တွဲဖက်စည်းကမ်းချက်များ ပါဝင်မှု ရှိ၊ မရှိ မေးခွန်းထုတ်ခဲ့သည်။

အကယ်၍ ထိုသို့သော ကန့်သတ်ချက်များ မပါဝင်ခဲ့ပါက အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းတို့၏ နယ်စပ်တဖက်ခြမ်းတွင် သေဆုံးနေရဆဲဖြစ်သော ပြည်သူလူထုအတွက် မည်သည့်အရာကိုမျှ ပြန်လည်တောင်းဆိုခြင်း မရှိဘဲ မင်းအောင်လှိုင်ထံသို့ သံတမန်ရေးရာ ‘လက်ဆောင်မွန်’ တခုကို သက်သက်သာသာ ပေးအပ်လိုက်ခြင်းသာ ဖြစ်လိမ့်မည်ဟု သူက ဆက်လက်ပြောကြားခဲ့သည်ဟု ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး ဆူဗြဟ္မနယမ် ဂျိုင်ရှန်ကာ ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့သည်ဟု သိရသည်။

မည်သို့ပင်ဖြစ်စေ အားတက်လာသော မင်းအောင်လှိုင်နှင့် အဖွဲ့သည် ယခုနှစ်အတွင်း ကုလသမဂ္ဂတွင် နေရာပြန်ရလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်းလာမည့် အရေးကို မဆုတ်မနစ် ဟန့်တားသွားဖို့ အရေးတကြီး လိုအပ်လာနေပြီ ဖြစ်သည်။

လှစိုးဝေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013