
မြန်မာနိုင်ငံ စာကြည့်တိုက်အသင်းရဲ့ နာယကကြီး ဦးသော်ကောင်း ကွယ်လွန်သွားတဲ့အတွက် အထူးဝမ်းနည်းကြေကွဲရတဲ့အကြောင်း မြန်မာနိုင်ငံစာကြည့်တိုက်အသင်း (Myanmar Library Association – MLA) က ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံစာကြည့်တိုက်နဲ့ စာပေလောကအတွက် အစဉ်တစိုက် အကျိုးပြုခဲ့ပြီး စာကြည့်တိုက် ပညာရှင်တွေနဲ့ စာဖတ်သူတွေအတွက် အဖိုးတန် အမွေအနှစ်တွေ ချန်ရစ်ပေးခဲ့တဲ့ ဆရာကြီး ဦးသော်ကောင်းဟာ ဇူလိုင် ၂၉ ရက် ဒီနေ့မနက် ၅ နာရီ ၂၇ မိနစ်မှာ အသက် ၈၉ နှစ်အရွယ်မှာ ကွယ်လွန် အနိစ္စရောက်သွားတာဖြစ်ပါတယ်။
ဆရာကြီးရဲ့ စာကြည့်တိုက်ပညာ၊ စာပေနဲ့ ပညာရေးနယ်ပယ်အပေါ် အစဉ်တစိုက် ကြိုးပမ်း အားထုတ်မှုတွေ၊ မျိုးဆက်သစ်တွေကို ပညာမျှဝေ လမ်းညွှန်ပေးခဲ့မှုတွေဟာ မြန်မာနိုင်ငံရဲ့ စာကြည့်တိုက်နဲ့ စာပေလောကမှာ မမေ့နိုင်တဲ့ အမွေအနှစ်အဖြစ် ဆက်လက်တည်ရှိနေမယ်လို့ မြန်မာနိုင်ငံစာကြည့်တိုက်အသင်းက ထုတ်ပြန်ထားပါတယ်။
ဦးသော်ကောင်းကို အဖ စည်သူဦးကောင်း၊ အမိဒေါ်သိန်းတို့ကနေ ၁၉၃၇ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က ရန်ကုန်မြို့မှာ ဖွားမြင်ခဲ့ပြီး ဆရာကြီးရဲ့ ဖခင်ဟာလည်း မြန်မာလွတ်လပ်ရေး ကာလ ပညာမင်းကြီးလည်းဖြစ် ပထမဆုံး မြန်မာ့သမိုင်းကော်မရှင် ဥက္ကဋ္ဌလည်းဖြစ်သလို ၁၉၄၇-၄၉ ခုနှစ်မှာ မြန်မာနိုင်ငံတော် ငွေကြေး ဘုတ်အဖွဲ့ဝင်အဖြစ်ခန့်အပ်ခံရကာ ငွေစက္ကူ များပေါ်မှာ “ မောင်ကောင်း” အမည်နဲ့ လက်မှတ်ရေးထိုးခဲ့သူ ဖြစ်ပါတယ်။
ဆရာကြီး ဦးသော်ကောင်းကတော့ မွေးချင်း ၃ ယောက်ထဲမှာ အကြီးဆုံးသားဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ အစိုးရက ဖခင်ဦးကောင်းကို မြန်မာနိုင်ငံက စေလွှတ်တဲ့ ပညာတော်သင်တွေကို ကြည့်ရှုစောင့်ရှောက်ဖို့ တာဝန်နဲ့ အင်္ဂလန်သို့ စေလွှတ်ခဲ့ရာ မိသားစုနဲ့အတူ လန်ဒန်မြို့သို့ လိုက်ပါ သွားခဲ့ပါတယ်။
၁၉၅၀ ပြည့်နှစ်ကုန်ပိုင်းမှာ မိသားစုနဲ့အတူ ရန်ကုန်သို့ ဆရာလာခဲ့ပေမဲ့ပေမဲ့ ကျန်းမာရေး မကောင်းလို့ ကျောင်းမတက်နိုင်ခဲ့ပါဘူး။ ၁၉၅၂ ခုနှစ်မှာ အင်္ဂလိပ်မက်သဒစ်အထက်တန်းကျောင်း (ယခု ဒဂုံ အ.ထ.က ၁) မှာ သတ္တမတန်း နှစ်လယ်မှစပြီး ကျောင်းနေခဲ့ပါတယ်။
ဦးသော်ကောင်းဟာ ၁၉၅၄ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အင်္ဂလိပ်စာနဲ့ ပထဝီဝင်ဂုဏ်ထူး နှစ်ဘာသာနဲ့ ပထမအဆင့် (1st Division) မှ အောင်မြင်ခဲ့ပြီး ၁၉၅၉ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဂုဏ်ထူး (အင်္ဂလိပ်စာ) ဘွဲ့ကို ပထမအဆင့်ဖြင့် အောင်မြင်ခဲ့လို့ ဦးဘိုးနှစ် ရွှေတံဆိပ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ဝိဇ္ဇာဂုဏ်ထူးဘွဲ့မရမီ ၁၉၅၇ ခုနှစ် အသက် ၁၉ နှစ်အရွယ်က စတင်ကာ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာန၊ စာကြည့်တိုက်မှာ အချိန်ပိုင်းအလုပ်လုပ်ခဲ့ပြီး အသက် ၂၁ နှစ်ကျော် ၁၉၅၉ ခုနှစ်မှာ ဆရာဇော်ဂျီလက်အောက်ရှိ လူမှုရေး သိပ္ပံစာကြည့်တိုက် (ယခု ရန်ကုန်စီးပွား ရေးတက္ကသိုလ် စာကြည့်တိုက်) မှာ အလုပ်စတင် ဝင်ရောက်ခဲ့ပါတယ်။
ဒီနောက် ၁၉၆၂ ခုနှစ်မှာ လန်ဒန်တက္ကသိုလ်မှ စာကြည့်တိုက်ပညာဘွဲ့လွန်ဒီပလိုမာ ရရှိပြီး အင်္ဂလန် နိုင်ငံရဲ့ အမြင့်ဆုံးဘွဲ့ FLA (Fellow of the Library Association) တို့ကိုလည်း ရရှိခဲ့ကာ ၁၉၈၃ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ စာကြည့်တိုက်အသင်းက ဂုဏ်ထူးဆောင် အဖွဲ့ဝင်အဖြစ် ရွေးချယ် တင်မြှောက်ခံရပါတယ်။
၁၉၉၉ ခုနှစ်မှာ သြစတြေးလျနိုင်ငံ၊ အနောက်ဆစ်ဒနီတက္ကသိုလ်က ဂုဏ်ထူးဆောင်စာပေ ပါရဂူဘွဲ့ကို ချီးမြှင့်ခြင်းခံရပြီး ၂၀၀၅ ခုနှစ်မှာ ဂျပန်နိုင်ငံ ဖုကုအိုက အာရှဓလေ့ဆုရွေးချယ် ရေးကော်မတီက ဖုကုအိုက ပညာရှင်ဆု ပေးအပ်ချီးမြှင့်ခြင်း ခံရပါတယ်။
ဆရာကြီးဟာ ၁၉၅၇ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ ရန်ကုန်တက္ကသိုလ် ပင်မနယ်မြေရှိ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်၊ တက္ကသိုလ်များ ဗဟို စာကြည့်တိုက်တို့မှာ စာကြည့်တိုက်မှူး အဖြစ် နှစ်ပေါင်း ၄၀ ခန့် တာဝန်ယူ လုပ်ကိုင်ခဲ့ပါတယ်။
ရန်ကုန်တက္ကသိုလ်ရဲ့ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်ဟာ ဦးသော်ကောင်း လက်ထက်မှာ နိုင်ငံတကာက စာကြည့်တိုက်တွေနဲ့ ဆက်သွယ်ပြီး ဗဟုသုတတိုးပွားစေမဲ့ စာအုပ်စာတမ်း၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ်တွေ လဲလှယ် ငှားရမ်းဝယ်ယူ ဖြည့်ဆည်းပေးနိုင်ခဲ့လို့ မြန်မာနိုင်ငံရဲ့ အားအထားရဆုံး စာကြည့်တိုက်ဖြစ်လာသလို မြန်မာပြည်အကြောင်း လေ့လာလိုသူတွေအတွက် အားကိုးရာလည်း ဖြစ်လာခဲ့ပါတယ်။
အထက်မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်စဉ်က မြန်မာပြည်က ယူဆောင်သွားတဲ့ ရှားပါး ပေနဲ့ ပုရပိုက်တွေကို လန်ဒန်က ဗြိတိန်သျှစာကြည့်တိုက်မှတဆင့် အလှူပြန်လည်ရရှိအောင် ဆောင်ရွက်ခဲ့လို့ အခုအခါ ပေ၊ ပုရပိုက် အစည်းပေါင်း ၁၆၀၀၀ နီးပါးကို စုဆောင်း ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဆရာကြီး ဒေါက်တာစည်သူ သော်ကောင်းဟာ သူ့ဘဝတလျှောက် မြန်မာစာပေလောက တိုးတက်ရေးအတွက် အကျိုးပြုစာပေများစွာ ရေးသားခဲ့တဲ့အတွက် ၂၀၀၈ ခုနှစ်မှာ ပခုက္ကူဦးအုံးဖေ တသက်တာစာပေဆု၊ ၂၀၁၀ ပြည့်နှစ် အမျိုးသားစာပေတစ်သက်တာဆု၊ ၂၀၁၆ ခုနှစ် မှာ ထွန်းဖောင်ဒေးရှင်း တသက်တာစာပေဆု၊ ၂၀၁၅ ခုနှစ်မှာ သုတစွယ်စုံစာပေ တသက်တာဆု၊ ၂၀၁၆ ခုနှစ်မှာ ဆရာဝန်တင်ရွှေ စာပေတသက်တာဆုတွေ ရရှိခဲ့တဲ့အပြင် ၂၀၁၂ ခုနှစ်မှာ ဝိဇ္ဇာပညာထူးချွန်တံဆိပ် (ဒုတိယအဆင့်)နဲ့ စည်သူဘွဲ့တို့ကို နိုင်ငံတော်အစိုးရက ချီးမြှင့်တာ ခံခဲ့ရပါတယ်။
Ref: MOI
စာကြည့်တိုက်ပညာ၏ ဖခင် ဆရာကြီး ဒေါက်တာ စည်သူသော်ကောင်း- ပုံ့ပုံ့ (စာပေဗိမာန်)










