DVB Logo
Home
မြန်မာသတင်း
မြန်မာစာပေလောကတွင် ထင်ရှားသည့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
DVB
·
January 28, 2025
မြန်မာစာပေလောကတွင် ထင်ရှားသည့် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ကွယ်လွန်
Donate to DVB

မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားတဲ့ အငြိမ်းစား မြန်မာစာပါမောက္ခ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ဟာ ဇန်နဝါရီ ၂၈ ရက် မနက်အစောပိုင်းမှာ ကွယ်လွန်သွားတယ်လို့ တပည့်တွေဆီကနေ သိရပါတယ်။

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ဟာ မနေ့ညသန်းခေါင်ကျော် ဒီမနက်အစောပိုင်း ၁၂ နာရီခွဲမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာလို့ သူ့ရဲ့သမီးဖြစ်သူက လူမှုကွန်ရက်ကတဆင့် အသိပေး ရေးသားထားပါတယ်။

မောင်ခင်မင်(ဓနုဖြူ) ရဲ့တပည့် စာရေးဆရာတယောက်က “ဆရာကြီးက လူကြီးရောဂါနဲ့ ကွယ်လွန်ခြင်း ဖြစ်ပါတယ်။ ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)က မြန်မာစာပေလောကအတွက် သူမရှိတော့ပေမဲ့ မေ့ပျောက်မရမယ့် သမိုင်းကျန်ခဲ့မယ့်သူလေ။ စိတ်ထဲမကောင်းဘူး” လို့ ပြောပါတယ်။

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ရဲ့ အမည်အရင်းဟာ ဦးခင်အေး ဖြစ်ပြီး ဆရာကြီးကို ၁၉၄၀ ခုနှစ် ဇန်နဝါရီ ၂၄ ရက်က ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်မှာ အဖ ဦးရာမနဲ့ အမိ ဒေါ်စောတို့က မွေးဖွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၈၅ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဆရာကြီး မောင်ခင်မင်(ဓနုဖြူ) ဟာ ၁၉၅၄ ခုနှစ်မှာ ရန်ကုန်မြို့ မြူနီစီပယ်ပညာရေးအဖွဲ့က စစ်ဆေးတဲ့ စတုတ္ထတန်း စာမေးပွဲကို ပထမအဆင့်နဲ့ အောင်မြင်ခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ သတ္တမတန်း နဲ့ အလယ်တန်းပညာသင်ဆု(စကောလားရှစ်) စာမေးပွဲမှာလည်း အမှတ်အများဆုံးနဲ့ အောင်မြင်တာကြောင့် အလယ်တန်းပညာသင်ဆု (စကောလားရှစ်) ဆု ရခဲ့ပြီး အဲဒီအချိန်ကတည်းက ဆရာကြီးဟာ စာနယ်ဇင်းတွေမှာ ဆောင်းပါးတွေ စတင်ရေးခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် ၁၉၅၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တပြည်လုံး မြန်မာစာအမှတ်အများဆုံးနဲ့ အောင်မြင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်က ဝိဇ္ဇာဘွဲ့ (အထွေထွေဂုဏ်ထူး)၊ ၁၉၆၉ ခုနှစ်မှာ မဟာဝိဇ္ဇာဘွဲ့ (ဂုဏ်ထူး) ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်မှာ ရန်ကုန်တက္ကသိုလ် ၁၀၅ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ကို ချီးမြှင့်အပ်နှင်းခြင်း ခံခဲ့ရ ပါတယ်။

ဆရာကြီးဟာ ၁၉၆၃ ခုနှစ်မှာ ပုသိမ်ကောလိပ် မြန်မာစာဌာန နည်းပြ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်တွေနဲ့ ပုသိမ်ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၇-၁၉၉၉ ခုနှစ် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ရင်း နိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနရဲ့ တာဝန်ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာ နိုင်ငံခြား ဘာသာသင်တက္ကသိုလ်မှာ မြန်မာစာဧည့်ပါမောက္ခအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် ဆရာကြီး မောင်ခင်မင်(ဓနုဖြူ)ဟာ မြန်မာစာပေနဲ့ပတ်သက်တဲ့ စာအုပ်ပေါင်း ၂၀ ကျော်ကို မောင်ခင်မင်(ဓနုဖြူ) အမည်နဲ့ ရေးသားခဲ့ပြီး NLD ပါတီ အရပ်သားအစိုးရလက်ထက်က မြန်မာ့အသံရေဒီယိုမှာ မြန်မာစာပေကို ပြည်သူတွေ ထဲထဲဝင်ဝင် သိရှိသဘောပေါက်စေဖို့ ရည်ရွယ်ပြီး မြန်မာစာ၊ မြန်မာစကား ခေါင်းစဉ်နဲ့ ပင်တိုင်အစီအစဉ် တင်ဆက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013