DVB Logo
Home
နိုင်ငံတကာ
အင်ဒိုနီးရှားသမ္မတ၏ အခမဲ့ ကျောင်းအစားအစာ စီမံကိန်းကြောင့် ဒေသခံများ အကြွေးနွံနစ်
DVB
·
August 13, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အင်ဒိုနီးရှားသမ္မတ ပရာဘိုဝိုဆူဘီယန်တိုရဲ့ ကျောင်းသားတွေအတွက် အခမဲ့ ကျောင်းမုန့်ကျွေးတဲ့ စီမံကိန်းမှာ ပါဝင်ရင်းနှီးမြှုပ်နှံခဲ့ကြတဲ့ ဝေးလံခေါင်ဖျား ဒေသခံလုပ်ငန်းရှင်တွေ ရာပေါင်းများစွာဟာ အစိုးရရဲ့ စာချုပ်အတိုင်း ငွေပြန်မရလို့ အကြွေးနွံနစ်ပြီး ဒုက္ခရောက်နေကြပါတယ်။

အမျိုးသားအာဟာရအေဂျင်စီ (NNA) က အမြတ်များများ ပေးမယ်ဆိုလို့ ဘဏ်တွေ၊ အတိုးကြီးပေးရတဲ့ တရားမဝင် ချေးငွေတွေဆီကနေ အကြွေးယူပြီး မီးဖိုချောင်တွေ ဆောက်ခဲ့ကြပေမဲ့ NNA ဥက္ကဋ္ဌ အဖမ်းခံရတာနဲ့ ဘတ်ဂျက် လျှော့ချလိုက်တာတွေကြောင့် စီမံကိန်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။

NNA အေဂျင်စီက ၄ နှစ်အတွင်း ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၁၀ ရာခိုင်နှုန်းအထိ ပြန်ရမယ်၊ ရူပီး ၁ ဘီလီယံ စိုက်ထုတ်ရင် စစ်ဆေးပြီး ၃၅ ရက်ကနေ ၄၅ ရက်အတွင်း ၂ ဒသမ ၁ ဘီလီယံ ပြန်ပေးမယ်ဆိုတဲ့ မက်မောစရာ ကမ်းလှမ်းချက်တွေနဲ့ စစည်းရုံးခဲ့တာကြောင့် ဒေသခံတွေကလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ NNA အေဂျင်စီဘက်က စည်းကမ်းတွေ ပြောင်းသွားပြီး ဆောက်လုပ်ရေး ပြီးသွားရင် ၆၀ ရာခိုင်နှုန်း ပေးမယ်၊ မိလ္လာစနစ် စတဲ့ လိုအပ်ချက်တွေပြည့်မှ ၂၀ ရာခိုင်နှုန်းနဲ့ ဟာလာလ် လက်မှတ်ရမှ ၂၀ ရာခိုင်နှုန်း ပေးသွားမယ်ဆိုပြီး မတ်လမှာ ပြောခဲ့သလို မေလ ရောက်ပြန်တော့ အမြတ်ငွေပေးမဲ့အစား တနေ့ ရူပီး ၆ သန်းနှုန်းနဲ့ ၁၈ လအတွင်း အရင်းကျေပေးမယ်လို့ ထပ်ပြောင်းခဲ့ပါတယ်။

မေလမှာပဲ အမေရိကန်နဲ့ အီရန်စစ်ပွဲကြောင့် ဘဏ္ဍာရေး အကျပ်အတည်းပြပြီး အစိုးရက စီမံကိန်းဘတ်ဂျက်ကို ၂၀ ရာခိုင်နှုန်း လျှော့ချလိုက်ပါတယ်။

ဒါတင်မကဘဲ ဇွန်လမှာ NNA ဥက္ကဋ္ဌဟောင်း လာဘ်စားမှုနဲ့ အဖမ်းခံရပြီး တာဝန်ရှိသူအသစ်တွေက မီးဖိုချောင်အသစ် အတည်ပြုချက်တွေကို စနစ်ထဲကနေ ပိတ်ပင်လိုက်တာကြောင့် ငွေပြန်ရဖို့က လုံးဝ မသေမချာ ဖြစ်သွားခဲ့တာပါ။

ဝေးလံခေါင်ဖျားဒေသ အစားအသောက်နဲ့ အာဟာရအသင်းရဲ့ အကူအညီပေးရေးမှူး ဟာဝီလ် ဂျူနာအိုက်ဒီ ဟာရီဖာရဲ့ ပြောကြားချက်အရ လက်ရှိမှာ ပစ္စည်းစုံ၊ ဝန်ထမ်းစုံ၊ စာချုပ်ချုပ်ပြီးပေမဲ့ လုပ်ငန်းလည်ပတ်လို့ မရသေးတဲ့ မီးဖိုချောင် ၆၄၅ ခုရှိနေပြီး အစစ်ဆေးခံဖို့ စောင့်နေရတာတင် ၈၀၀ ရှိလို့ မီးဖိုချောင် ၁,၄၀၀ ကျော် အလကား ပစ်ထားရပါတယ်။

တခြားဒေသအများစုက မီးဖိုချောင်ပိုင်ရှင် ၄၀၀ လောက်လည်း ဒီဒုက္ခမျိုး ကြုံနေရပြီး ဒေသခံတွေလည်း အခမဲ့ အစားအသောက် မရကြပါဘူး။

မီးဖိုချောင်ပိုင်ရှင်တွေဟာ အတိုးဆပ်ဖို့ လစဉ် ရင်းနှီးပေးလျော်နေရပြီး တချို့ဆို ပစ္စည်းတွေပါ သိမ်းဆည်းခံရကာ ခြိမ်းခြောက်ခံရလွန်းလို့ အိမ်ပြင်တောင် မထွက်ရဲကြတော့ပါဘူး။

ဆန်ဒါလန်ကျေးရွာက ဇာအီနူရီ မူစတိုဖာ ဆိုရင် အကြွေး ရူပီး သန်း ၇၀၀ တင်နေပြီး တလကို သန်း ၄၀ စီ ဆက်ဆပ်နေရလို့ စိတ်ဓာတ်ကျကာ အစိုးရစီမံကိန်းတွေကို ဘယ်တော့မှ မပါတော့ဘူးလို့ ရိုက်တာသတင်းဌာနကို ပြောသွားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013