DVB Logo
Home
Lead Story
ထရမ့်ပ်နှင့် ချားလ်စ် တွဲရိုက်ထားသည့်ဓာတ်ပုံကို အိမ်ဖြူတော်က ‘ဘုရင် ၂ ပါး’ ဟု တင်စား
DVB
·
April 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ သမ္မတကတော် မယ်လာနီယာ ထရမ့်ပ်တို့ဟာ ဧပြီ ၂၈ ရက်က အိမ်ဖြူတော်မှာ ဗြိတိန်ဘုရင် ချားလ်စ်နဲ့ မိဖုရားကမီလာတို့အတွက် နိုင်ငံတော်ညစာစားပွဲ တည်ခင်းဧည့်ခံခဲ့ပြီး အိမ်ဖြူတော်က ထရမ့်ပ်နဲ့ ဘုရင်ချားလ်စ်တို့ရဲ့ ဓာတ်ပုံကို “TWO KINGS” ဘုရင် ၂ ပါး ဆိုတဲ့ စာတန်းနဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။

ဒီဓာတ်ပုံဟာ ချားလ်စ်ဘုရင်ရဲ့ အမေရိကန်ကို တရားဝင်နိုင်ငံတော်ခရီးစဉ် ဒုတိယနေ့မှာ ရိုက်ကူးထားတာဖြစ်ပြီး ထရမ့်ပ်နဲ့ သူ့ မဟာမိတ်တွေက သူ့အစိုးရကို ဆန့်ကျင်တဲ့ “No Kings” ဆန္ဒပြပွဲတွေကို အကြိမ်ကြိမ် ကန့်ကွက်နေချိန်မှာ ထွက်ပေါ်လာတာပါ။

ထရမ့်ပ်က သူဟာ ဘုရင် မဟုတ်ဘူးလို့ ပြောဆိုထားသလို ဒီတပတ်အတွင်းမှာလည်း သမ္မတကို ဝေဖန်သူတွေက အမျက်ဒေါသကို လှုံ့ဆော်ပြီး သူ့အသက်ကို ခြိမ်းခြောက်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာစေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ထရမ့်ပ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်နေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်အုပ်ချုပ်ရေးမှူး ဂါဗင် နယူးဆမ်ရဲ့ သတင်းရုံး လူမှုကွန်ရက် အကောင့်ကနေ အဲဒီပို့စ်ကို “တယောက်က UK ရဲ့ဘုရင်ပါ။ နောက်တယောက်က King of Bullshit ပါ။” လို့ ပြန်လည်ထိုးနှက်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာကျင်းပတဲ့ နိုင်ငံတော်အဆင့် ညစာစားပွဲအတွင်း မိန့်ခွန်းပြောကြားရာမှာ အီရန်နိုင်ငံအနေနဲ့ နျူကလီးယားဗုံး မပိုင်ဆိုင်သင့်ဘူးဆိုတဲ့ အချက်ကို ချားလ်စ်ဘုရင်ကလည်း သဘောတူတယ်လို့ သမ္မတ ထရမ့်ပ်က ပြောကြားခဲ့ပါတယ်။

ချားလ်စ်ဘုရင်က အမေရိကန်လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသမှာ မသေချာမှုနဲ့ ပဋိပက္ခတွေ ကြီးမားနေတဲ့ကာလ ဖြစ်ပေမဲ့ ဗြိတိန်နဲ့ အမေရိကန်ဟာ ဒီမိုကရေစီကို ကာကွယ်ရာမှာ အမြဲတမ်း ခိုင်မာတဲ့ မဟာမိတ်တွေ ဖြစ်နေမယ်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ ထရမ့်ပ်က ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာကို အီရန်စစ်ပွဲအတွက် လုံလောက်တဲ့ အကူအညီ မပေးဘူးလို့ အကြိမ်ကြိမ် ဝေဖန်ထားတာကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ တင်းမာမှုတွေလည်း ရှိနေပါတယ်။

ညစာစားပွဲအတွင်းမှာ ဘုရင်ချားလ်စ်က ဒုတိယကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ ဗြိတိန် ရေငုပ်သင်္ဘော HMS Trump ရဲ့ မူရင်းခေါင်းလောင်းကို ထရမ့်ပ်ကို အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့ပါတယ်။

အဲဒီရေငုပ်သင်္ဘောဟာ ၁၉၄၄ ခုနှစ်မှာ စတင်ရေချခဲ့ပြီး ပစိဖိတ်စစ်ပွဲအတွင်း သြစတြေးလျ အခြေစိုက် တပ်ဖွဲ့တွေနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တယ်လို့  ချားလ်စ်ဘုရင်က ပြောပါတယ်။

အဲဒီသင်္ဘောအမည်ဟာ အမေရိကန်သမ္မတရဲ့ နာမည်နဲ့ တူညီနေပြီး အဲဒီခေါင်းလောင်းဟာ မျှဝေထားတဲ့ သမိုင်းနဲ့ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုကို ကိုယ်စားပြုတဲ့ သင်္ကေတတခုလို့ ချားလ်စ်က ဆိုပါတယ်။

“တကယ်လို့ ကျနော်တို့ကို ဆက်သွယ်ဖို့ လိုလာရင် ဒီခေါင်းလောင်းကိုသာ တီးလိုက်ပါ” လို့လည်း ဘုရင်ကြီးက ဟာသနှောပြီး ပြောခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013