
တိုင်ဖွန်းမုန်တိုင်း ဒေါလ်ဖင်းကြောင့် မုတ်သုံမိုးရွာချပြီး ဖိလစ်ပိုင်မြို့တော် မနီလာနဲ့ အနောက်ပိုင်းက တခြားဒေသတွေမှာ သြဂုတ် ၉ ရက်က ရေကြီးခဲ့ပါတယ်။
မြို့တော်မနီလာရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ ကွီဇုံမြို့မှာ မိုးသည်းထန်စွာရွာလို့ မြေနိမ့်ပိုင်းရပ်ကွက်တွေနဲ့ ချောင်းတွေနားက နေရာတွေမှာ ခါးအထိ ရေကြီးရေလျှံခဲ့ပါတယ်။
ရေကြီးလို့ ရေမျက်နှာပြင် ဆက်ပြီးမြင့်တက်လာမှာကို စိုးရိမ်တဲ့အတွက် မြစ်လက်တက်တွေနားနဲ့ ရေကြီးရေလျှံလေ့ရှိတဲ့ နေရာတွေမှာ နေထိုင်သူ အယောက် ၁,၀၀၀ ကျော်ကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။
အစိုးရရန်ပုံငွေနဲ့ ရန်ပုံငွေထောက်ပံ့ထားတဲ့ ရေကြီးရေလျှံမှုလျှော့ချရေးအစီအစဉ်တွေမှာ မမှန်ကန်တာတွေရှိတယ်ဆိုတဲ့ စွပ်စွဲခံရမှုတွေအပေါ် စုံစမ်းစစ်ဆေးနေချိန်မှာ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာရဲ့ အစိုးရအတွက် နိုင်ငံရေးပြဿနာတခု ဖြစ်လာတဲ့ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး စီမံကိန်းတွေအပေါ် ဒေသခံတချို့က စိတ်ပျက်အားငယ်မိတယ်လို့ ပြောပါတယ်။
မုန်တိုင်းတွေ ဆက်ဖြစ်နေလို့ သြဂုတ် ၃ ရက်ကစပြီး ဆက်တိုက်ဖြစ်နေတဲ့ မုတ်သုံမိုးရွာသွန်းမှုတွေကြောင့် မိသားစု ၁၁၀,၀၀၀ လောက် ထိခိုက်ခဲ့ရတယ်လို့ အမျိုးသားဘေးအန္တရာယ်အေဂျင်စီက ပြောပါတယ်။
လူပေါင်း ၇,၃၀၀ လောက် တနိုင်ငံလုံးမှာရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ နေထိုင်နေကြပြီး လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ ပါတယ်။
သေဆုံးသူ အများစုက ရေကြီး မြေပြိုမှုတို့ကြောင့် ပြီးခဲ့တဲ့ အပတ်အတွင်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။
Source: Reuters










