
တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပြီး အမှောင်ဖုံးနေတဲ့ မတရားမှုတွေကြားမှာ ထောင်သွင်းအကျဉ်းကျခံ နေရသူတွေနဲ့ အကူအညီမဲ့သူတွေအတွက် ခိုင်မာတဲ့ အားကိုးရာဖြစ်ခဲ့သူကတော့ ချင်းတိုင်းရင်းသူ တရားလွှတ်တော်ရှေ့နေ မဇာလီအေး ပဲ ဖြစ်ပါတယ်။
ငယ်စဉ်က မိဘတွေရဲ့ သဘောဆန္ဒကြောင့် ဥပဒေ ဘာသာအဓိကနဲ့ တက္ကသိုလ်တက်ရောက်ခဲ့ရပေမဲ့ မတရားမှုတွေကို ကြည့်မနေနိုင်လို့ အကူအညီမဲ့နေသူတွေ ဘက်က မဆုတ်မနစ် ရပ်တည်ပေးခဲ့သူ လည်းဖြစ်ပါတယ်။
အခက်အခဲတွေကြားကနေ တရားမျှတမှုအတွက် ကြိုးပမ်းရင်း ဖိနှိပ်ခံရသူတွေဘက်က မဆုတ်မနစ် ရပ်တည်ပေးခဲ့မှုကြောင့် ၂၀၂၆ ခုနှစ် ကမ္ဘာ့လူ့အခွင့်အရေးဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ မဇာလီအေးရဲ့ ကြံ့ကြံ့ခံ ရုန်းကန်မှု ဇာတ်ကြောင်းကို DVB Women’s Voice အစီအစဉ်မှာ သတင်းထောက် ဒီဂျူလိုင်က ဆက်သွယ်မေးမြန်းထားတဲ့ ရင်ဖွင့်သံတွေကို ကောက်နုတ် ဖော်ပြပေးလိုက်ပါတယ်။
မေး။ မင်္ဂလာပါရှင့် အရင်ဦးဆုံးသိချင်တာက ဆရာမ ချင်းတိုင်းရင်းသူတယောက်အနေနဲ့ ငယ်စဉ်က ကြီးပြင်းလာခဲ့တဲ့ အတွေ့အကြုံတွေ၊ ဒီကနေပြီးတော့ ကိုယ့်ကိုယ်ကိုယ် ရှေ့နေတယောက်ဖြစ်ဖို့ ဘယ်အရာက တွန်းအားဖြစ်စေခဲ့တာလဲ။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ကျမကတော့ ဒီချင်းတောင်ပေါ်မှာ မွေးတယ်။ တောင်ပေါ်က ဇာတိရွာလေး၊ အိမ်ခြေ ၁၃ အိမ်ပဲရှိတဲ့ ရွာလေးသေးသေးလေးကနေပြီးတော့ မွေးလာတယ်။ အခုကတော့ ၁၁ အိမ်ပဲရှိတော့တယ်။ ဒါပေမဲ့ ၂၀၂၂ မှာ ရွာတောင်မရှိတော့ဘူးပေါ့ ဗုံးကြဲခံရလို့ပေါ့နော်။ အဲဒီကနေပြီးတော့ ကြီးပြင်းလာတယ်။ ကျမတို့ ဒီမိသားစုထဲမှာကျတော့ ဘာသာရေး နယ်ပယ်ကနေပဲ ကြီးပြင်းလာတယ်။ ဗမာစကား မပြောတဲ့ မိသားစုပေါ့၊ ကျမတို့က ဘာလို့လဲဆိုတော့ တောင်ပေါ်မှာတော့ ဗမာစကား မသုံးဘူးလေနော်။
အဲဒီကနေ ကြီးပြင်းလာတဲ့အခါကျတော့ ကျမတို့က ဘယ်ဟာနဲ့ ပိုပြီးတော့မှ နီးစပ်ဖြစ်လဲဆိုတော့ ကျမတို့က တေးဂီတ ပေါ့နော်၊ ဒီ music တွေ၊ အဲဒီနယ်ပယ်ကနေ ကြီးပြင်းလာတဲ့အခါကျတော့ ငယ်ငယ်တုန်းကတော့ ရှေ့နေဖြစ်လာမယ်လို့ တခါမှမတွေးဘူး။ ဘာလို့လဲဆိုတော့ ရှေ့နေဆိုတာ ကျမတို့ မှန်းလို့မရဘူးလေနော်၊ အိပ်မက်တောင် မက်လို့မရတဲ့နေရာ။ ဘာလို့လဲဆိုတော့ ကျမတို့ ငယ်ငယ်ကြီးပြင်းလာတုန်းကဆို အမြင့်ဆုံးဆိုလို့ အလယ်တန်းအဆင့်ပဲရှိတဲ့ ကျောင်းလေးရဲ့ ရွာလေးကနေ ကြီးပြင်းလာတဲ့အခါကျတော့။ ဒါပေမဲ့ ကျမတို့ မိဘတွေက တအား အမြော်အမြင်ကြီးတဲ့အခါကျတော့ ကျမတို့ ငယ်စဉ်မှာကတည်းကိုက ရန်ကုန်ရွှေ့မယ်ဆိုပြီးတော့မှ သူတို့က ဆုံးဖြတ်ချက်ချတော့ ကျမတို့ မိသားစုတွေအကုန်လုံး ရန်ကုန်ကို ရွှေ့လာတယ်။ ရန်ကုန်ရွှေ့ပြီးတော့မှ ရန်ကုန်ကနေပြီးတော့ ကျမတို့ ကျောင်းတက်လာတယ်။ ကျမတို့က စကားလည်းမတတ်ဘူး၊ ပြီးလည်းပြီးရော ငွေရေးကြေးရေးကလည်း ပြည့်စုံတဲ့သူတွေ မဟုတ်ဘူး ကျမတို့တွေက။ ဆိုတဲ့အခါကျတော့ အခက်အခဲတွေက အများကြီးပဲ။
အခုဆို တချို့တော်တော်များများ ပြောတာ စာသင်ခန်း bullying စာသင်ခန်း အနိုင်ကျင့်တာ၊ ကျတို့က အဲဒါကို bullying လုပ်တယ်လို့တောင် မခံစားရဘူး။ ဒါက ကျမတို့က "ဪ. ငါတို့က စကားမှမတတ်တာ၊ အဲဒီလိုအပြောခံရတာ" ဆိုတာ အခုမှသိတာ၊ ဒါ bullying ဆိုတာ။ ငယ်ငယ်တုန်းက ဒါဟာ bullying မှန်းတောင် မသိခဲ့ဘူး။ အဲဒီနယ်ပယ်ကနေ ကြီးပြင်းလာတယ်။ တရက်ကျတော့ ၁၀ တန်း အောင်တယ်။ ၁၀ တန်းအောင်တဲ့အခါကျတော့ ကျမက ဒီအနုပညာလိုင်းကိုပဲ သွားချင်တာ။ ကျမရဲ့ လမ်းကြောင်းက ဒါပဲဖြစ်မယ်လို့ပဲ ထင်ခဲ့တာ။ ဆိုတော့ ကျမ အနုပညာကျောင်းလည်း တက်တယ်၊ ဆုတွေလည်း အများကြီးပဲရတယ်။ ပညာရေးနဲ့ ပတ်သက်ပြီးတော့ပဲ မရခဲ့တာ။ အနုပညာနဲ့ပတ်သက်ပြီး ကျမ တေးဂီတလည်း တီးတယ်၊ drum တွေလည်း ကျမ တီးခဲ့တယ်။ အဲ့ဒါ ကျမရဲ့ အိပ်မက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ တချိန်မှာ အဖေက ဖုန်းခေါ်လာတယ်။ "သမီး ပြန်လာခဲ့တော့" တဲ့၊ "တက္ကသိုလ် တက်ရတော့မယ်" တဲ့။ "ဪ... ဟုတ်လား ပါးပါး" လို့၊ "ဘာမေဂျာတက်ရမှာလဲ" ဆိုတော့ "ဥပဒေလေ" တဲ့၊ "ပြန်လာခဲ့" လို့ ပြောတယ်။ ပြောချင်တာက အဲဒီဥပဒေမေဂျာတောင် ကျမ လျှောက်ခဲ့တာမဟုတ်ဘူး၊ ကျမအဖေနဲ့ အမေနဲ့က လျှောက်ပေးခဲ့တာ။ ပြောချင်တာကတော့ ဒီဥပဒေမေဂျာယူတာတောင် ကျမသဘောဆန္ဒ မပါခဲ့ဘူး။ ဒါ ကျမမိဘတွေရဲ့ သဘောဆန္ဒ။ ဒါပေမဲ့ ကျမ မိဘတွေအပေါ်မှာလည်း စိတ်မဆိုးဘူး၊ ကျမပုံမှန်အတိုင်းပဲ။ ဘာလို့လဲဆိုတော့ compromise ပေါ့နော်၊ ကျောင်းပုံမှန်တက်တော့ ကျမဒီလိုမျိုး သီချင်းဆိုနေတဲ့အလုပ်က မိဘတွေက မတားဘူးလေနော်။
ဒါပေမဲ့ ကျမတို့ ဒီ second year, third year လောက်မှာ ကျမတို့ အမေတို့ဘက်ကပေါ့နော် အလှည့်အပြောင်းတခု ကြုံလာတယ်။ ဘာလဲဆိုတော့ ကျမတို့ အဲဒီမှာ accident တခုက ကလေးနဲ့ ဒီတောင်ပေါ်လမ်းလား မသိဘူး၊ အဲဒီမှာ သူတို့တမိသားစုလုံး ကားမှောက်သွားပြီးတော့ သေသွားတယ်ပေါ့နော်။ အမေ့ဘက်က အမျိုးထဲက ယာဉ်မောင်း ဦးလေးကြီးပဲ သူ အသက်ရှင်တယ်။ ဒါပေမဲ့ သူက သူ့မိန်းမလည်းဆုံး၊ ကလေးလည်း ဆုံးတဲ့အခါကျတော့ ဒါပေမဲ့ အမေက အဲဒီမှာ ငါးလလား၊ ခြောက်လလားမသိဘူး ကြာခဲ့တယ်။ ကြာပြီးတော့မှ အမေ ပြန်လာတယ်၊ ပြန်လာပြီးတော့ အဲဒီအကြောင်း မိသားစုမှာ ပြန်ပြောတော့ ဘာပြောလဲဆိုတော့ "အဲဒီမှာတဲ့ ရှေ့နေတယောက်ကတဲ့ အခမဲ့ ကူညီပေးတာ။ သူ့ကြောင့်မို့လို့ အခုဆိုရင်ပေါ့နော် သူ့တူက လွတ်တော့မှာပေါ့၊ မကြာခင်ဆိုရင် အယူခံတွေလည်း တက်တယ်" ဆိုတော့ အဲဒီမှာ ကျမ inspire ရသွားတာ။ "ဪ... ပိုက်ဆံတောင်းလို့ရတဲ့ အမှုမှာတောင်မှ ဒီရှေ့နေက free လုပ်ပေးတယ်၊ အခမဲ့ပေါ့" အဲဒီရဲ့ အလုပ်က... "အဲဒါဆို ရှေ့နေ ဖြစ်ချင်လိုက်တာပေါ့" နော်။
အမှန်အတိုင်းပြောရရင် ဥပဒေကျောင်းတက်ရင် ရှေ့နေလုပ်လို့ရတယ် ဆိုတာတောင် ကျမ မသိခဲ့ဘူး။ ကျမ စကားနားထောင်တာပဲ၊ third year, first semester မှာ ကျမ perspective က change သွားတယ်။ "ဒီအလုပ်အားဖြင့်၊ ဒီဥပဒေမေဂျာပြီးရင် ဒါ ရှေ့နေလိုင်စင်လျှောက်မယ်၊ ရှေ့နေအားဖြင့်ဆိုရင် ငါ ဒီဟာတွေကို ကူညီနိုင်တယ်" ဆိုတာကို ကျမ ပြန်တွေ့တာ။ အဲဒီကနေ စတာ ဖြစ်တာ။ ဒါကို ခြုံပြီးတော့မှ ပြောရမယ်ဆိုရင် ဒီအိပ်မက်က ကျမအိပ်မက် မဟုတ်ခဲ့ဘူး။ ဒီရှေ့နေဖြစ်ဖို့ကလေ အဖေ အမေတို့ရဲ့ အိပ်မက် ဖြစ်တယ်။ ပြီးလည်းပြီးရော အဖေအမေတို့ အိပ်မက်ကလည်း ရှေ့နေဖြစ်ခြင်းအားဖြင့် ဝင်ငွေတွေ တအားကောင်းလာမယ်တို့၊ ချမ်းသာမယ်တို့ အဲဒီ perspective ကနေလည်း မိဘတွေက ကျမကို ဖြစ်စေချင်တာမဟုတ်ဘူး။ အများကို ကူညီစေချင်တာ။ ဆိုတော့ မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ကျမ ဒီနေ့ ဖြစ်လာတယ်၊ ကျမကိုယ်တိုင်ကိုယ်ကလည်း perspective က change သွားတာ ဖြစ်ပါတယ်လို့။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ ဒါဆိုရင် ရှေ့နေဖြစ်သွားတော့ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကို လိုက်သွားတာလား၊ ဒါမှမဟုတ် စိတ်ဝင်စားတဲ့အပိုင်းကို လိုက်သွားတာလား။ အဲဒီကနေ ဆရာမ ဖြေရှင်းခဲ့တဲ့ အပိုင်းတွေ အများကြီးရှိတယ်ပေါ့နော်။ လူ့အခွင့်အရေးပိုင်းဆိုင်ရာရော၊ နောက် LGBTQ ပိုင်းဆိုင်ရာရော၊ ပြီးတော့ မြေယာပိုင်းဆိုင်ရာရော ဆရာမ လုပ်ခဲ့တာတွေ အများကြီးရှိတယ်ဆိုတော့ ဒီလိုင်းတွေကို ဆရာမ ဘယ်လိုမျိုး ရောက်သွားခဲ့တာလဲ။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ကျမကတော့ အလုပ်တခုလုပ်ရင် ကျမသေသေသေချာချာ လုပ်ချင်တယ်။ ဟိုပြီးပြီးရော ကျမ မလုပ်ချင်ဘူး။ ပြီးတော့ တာဝန်ကျေရုံ မလုပ်ချင်ဘူး။ ဆိုတဲ့အခါကျတော့ ကျမတို့ ကျောင်းပြီးသွားပြီပေါ့နော်၊ တက္ကသိုလ်ကျောင်းပြီးပြီ။ ကျမတို့က ၄ နှစ်တက်ရတာကိုး၊ ၄ နှစ်တက်တယ်၊ ၅ နှစ်မြောက်မှာ ကျမတို့ ဘွဲ့လက်မှတ်တွေ ရလာတယ်။ ပြီးတော့ ကျမ chamber (ရှေ့နေသင်တန်း) ကျမ ၂ နှစ်ဆင်းလိုက်ရတယ်၊ ဘာလို့လဲဆိုတော့ နိုင်ငံရေး အပြောင်းအလဲကြောင့် အဲ့ဒါနဲ့ ဆင်းပြီးသွားတဲ့ နောက်ပိုင်းကျတော့ ကျမ ပထမဦးဆုံးအလုပ်က ကျမကြည့်လိုက်တဲ့ အခါကျတော့ သူတို့တွေက ဒီအခု LGBTQ အရေးနဲ့ ပတ်သက်ပြီးတော့ သော်လည်းကောင်း၊ ပြီးလည်းပြီးရော ဒီအမျိုးသမီး လိင်လုပ်ငန်းတွေမှာ အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ အမျိုးသမီးတွေ၊ ပြီးလည်းပြီးရော ဒီမူးယစ်ဆေးဝါး ပေါ့နော်၊ ဒီဟာနဲ့ ပတ်သက်ပြီး အဲဒီမှာ လုပ်နေတဲ့ သူတို့ three key populations ကနေပြီးတော့ သူတို့ program တွေရှိတယ်။ အဲဒီ program မှာ နောက်ဆုံးတော့ ကျမ အလုပ်ရသွားတာပေါ့နော်။ အဲဒီကနေ ကျမလုပ်တုန်းကလည်း အဲဒီကဏ္ဍတွေကို ကျမ ပွင့်ပွင့်လင်းလင်းပြောရင် ကျမ အရမ်းစိတ်ပါဝင်စားလို့ လုပ်တာမဟုတ်ဘူး။ ကျမ လုပ်ရင်းကိုင်ရင်းနဲ့မှ ကျမ စိတ်ပါဝင်စားလာတာပေါ့နော်။
ကျမတို့က ဘာသာရေးနယ်ပယ်ကနေ ကြီးပြင်းလာတာဆိုတော့ ဒီဟာတွေက ကျမတို့က နားမလည်ခဲ့ဘူး၊ မသိဘူး။ ဘယ်ကနေစလဲဆိုတော့ ကျမရုံးပုံမှန်တက်တယ်။ သူတို့ အမှုနဲ့ပတ်သက်ပြီး ရုံးချိန်းတိုင်းကို ကျမ ပုံမှန်သွားတယ်။ သွားရင်းနဲ့မှ လူဖြစ်တဲ့အခါကျတော့ သူတို့မှာ သူတို့ရဲ့ မိသားစုရဲ့ ပြဿနာလေးတွေက ရုံးချိန်းစောင့်နေတဲ့အချိန်မှာ သူတို့က ပြောပြတယ် ကိုယ့်ကိုလည်း ရှင်းပြတယ်။ ဪ... သူတို့မှာ လယ်မှာ ဘာဖြစ်သွားတာ၊ ဘယ်သူက သိမ်းလိုက်တာ ဆိုတာမျိုးတွေပေါ့။ သိမ်းလိုက်လို့ ကျမမှာ ဒုက္ခရောက်ပြီးတော့မှ အခု ကျမ မြို့ပေါ်တက်ပြီး ဒီဟာတွေ လုပ်စားရတာ ဆိုတာတွေပြော... သူတို့ရဲ့ အဲဒီနောက်ကြောင်းဟာတွေပါ ကျမ နားထောင်ရင်းနဲ့မှ ကျမ သိရင်းနဲ့ "အဲ့ဒါ ရှေ့နေမငှားဘူးလား" ကျမက မေးတယ်လေ။ မေးတော့ "ရှေ့နေမငှားနိုင်ဘူးလေ ဆရာမ" တဲ့။ "အဲ့ဒါဆို ကျမ ကူညီပေးမယ်" ဆိုပြီးတော့မှ "လမ်းစရိတ်ပဲပေး" လမ်းစရိတ်နဲ့ ကိုယ့်ထမင်းကိုယ်စားပြီးတော့မှ ကျမ ကူညီပေးရင်းနဲ့မှ အဲဒီမှာ ကျမတို့ ဘာကိုတွေ့လာလဲဆိုတော့ ဘယ်လိုပြောမလဲ မတရားမှုကြီးတွေကို ကျမ အများကြီးပဲ တွေ့ရတယ်။ တွေ့ရတဲ့ အခါကျတော့ အဲဒီကနေ ကူညီပေးရင်းနဲ့ ကူညီပေးရင်းနဲ့ အဲဒီလို ဖြစ်သွားတာ။
ဆိုတော့ အဲဒီလယ်ယာမြေအရေးတွေရော၊ အလုပ်သမားအရေးတွေရော၊ LGBTQ အရေးတွေရော၊ အမျိုးသမီးအရေး... အမျိုးသမီးထဲမှာမှ သူ့ရဲ့ ကဏ္ဍအလိုက်ပေါ့နော်၊ အဲဒီကဏ္ဍတွေမှာ ကျမ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။ ကူညီပေးတဲ့ နေရာမှာလည်း ကျမတို့က ရှေ့နေဖြစ်တဲ့ အခါကျတော့ အမှုလိုက်ပါဆောင်ရွက်ပေးခြင်းအားဖြင့် ကူညီတယ်၊ ပြီးလည်းပြီးရော သူတို့နဲ့ ဆက်စပ်တဲ့ ဥပဒေတွေကို ကျမကြည့်တယ်။ ဥပဒေက suppression (ဖိနှိပ်မှု) တွေချည်းပဲ၊ ဖိနှိပ်ထားတဲ့ဟာတွေ များတဲ့အခါကျတော့ ဒါနဲ့ပတ်သက်ပြီး ကျမ ဘာလုပ်လို့ရလဲဆိုတော့ ကျမ ဒါတွေကို case by case နဲ့ ကျမ analysis လုပ်ပြီးတော့မှ သက်ဆိုင်ရာ လွှတ်တော်.. အဲဒီနောက်ပိုင်းမှာကျတော့ လွှတ်တော်တွေခေါ်ပြီဆိုတဲ့ အခါကျတော့ လွှတ်တော်အမတ်တွေကနေတဆင့် ဒါကို လွှတ်တော်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးဖို့သော် လည်းကောင်း၊ မီဒီယာတွေ ပေါ့နော်၊ အခုလိုမျိုး ဒီလိုမီဒီယာတွေက ကျမကို ခေါ်ပြီးမေးတော့ ကျမက အာဘောင်အာရင်း သန်သန်နဲ့ ပြောရင်းနဲ့မှ ဒီ awareness (အသိပညာပေးမှု) တွေ ဖြစ်လာတယ်။ ဒီအရာအားဖြင့် ကျမ ကူညီပေးတာ ဖြစ်ပါတယ်။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ ဒီအာဏာသိမ်းပြီး နောက်ပိုင်းမှာရော ဘယ်လိုမျိုး အပြောင်းအလဲတွေ ဖြစ်သွားခဲ့တာလဲ ဆိုတာလေး ပြောပြပေးပါဦး။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ စပြီးတော့ ဒါပွင့်ပွင့်လင်းလင်းပြောရင် ကျမတို့ကတော့ ပုံမှန်အလုပ်ပဲ ကျမလုပ်တယ်၊ ကူညီစရာရှိတာ ကူညီတယ်။ ဒါပေမဲ့ ဒီအာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်း ဖြစ်သွားတဲ့အခါမှာ အခြေအနေတွေက အများကြီးပဲ ပြောင်းသွားတယ်။ ဘယ်လိုမျိုးတွေမှာ ပြောင်းလာလဲ ဆိုတဲ့အခါကျတော့ လူအများကြီးနော် အဖမ်းခံရတယ်၊ အဖမ်းခံရတဲ့အခါမှာ စစ်ကြောရေးတွေကို တန်းပို့တာတွေ၊ အစုလိုက်အပြုံလိုက်ကြီးတွေ ဘယ်အဖမ်းခေါ်လို့ ခေါ်သွားမှန်းလည်း မသိရဘူး၊ တချို့ဆို ရဲစခန်းက သိတောင်မသိလိုက်ဘူးပေါ့နော်။ ဖမ်းဆီးနေတဲ့ အချိန်မှာလည်း ရိုက်နှက်တာတွေ၊ တချို့ဆိုရင် ကျည်အဖောက်ခံရလို့ အဲ့မှာတင် သေသွားတဲ့သူတွေလည်းရှိတယ်။ ကျမတို့ ဘာလုပ်သင့်သလဲပေါ့နော် ဒီအချိန်မှာ။ လူဆိုတော့လေ ကျမလည်း တခါတလေကျ ချီတုံချတုံတော့ ဖြစ်ခဲ့တယ်။ ဘယ်အထိ ကျမ စဉ်းစားလဲဆိုတော့ ဖေဖော်ဝါရီ ၆ ရက်အထိ ကျမ စဉ်းစားတယ်၊ ကျမ ဆုံးဖြတ်ချက် တိတိပပ မရှိသေးဘူး အဲ့အချိန်ထိ၊ ငါ ဘာလုပ်ရမလဲ၊ အမျိုးတွေရှိတဲ့ နေရာကိုပဲ သွားလိုက်ရမလားပေါ့နော်။ ၂၅ ရက်နေ့ ၂၀၂၁ ခုနှစ်မှာ ကျမတို့ ချင်း community ထဲကပဲ လူ ၁၃ ယောက် အဖမ်းခံရတယ်။ အဖမ်းကတော့ အများကြီးခံရပါတယ်။ ဒါပေမဲ့ အဲ့ ၁၃ ယောက်က ကျမကို အကူအညီတောင်းလာတယ်။ အကူအညီတောင်းလာတော့ ကျမက "ကဲ... ငါကူညီပေးမယ်" ဆိုပြီးတော့မှ ကျမ အင်းစိန်အကျဉ်းထောင်ရှေ့ကို အဲဒီနောက်တရက် မနက် ၇ နာရီမှာ ကျမ သွားပါတယ်။ သွားတော့ ကျမကတော့ ကျမရဲ့ community လူ ၁၃ ယောက်အတွက်ပဲ ကျမ သွားတာ။ သွားတဲ့အခါမှာ ကျမ ဘာတွေ့လဲ အဲ့မှာ အမှုသည်တွေ အများကြီးပဲ။ လူပေါင်း ၃၀၀ ကျော်လိမ့်မယ်ထင်တယ်၊ အများကြီးပဲ။
ကျမကလည်း ဂျူတီကုတ်နဲ့ သွားတဲ့အခါကျတော့ သူတို့က ကျမကို မေးတာပေါ့နော် "ဆရာမ ကျမသားလေး" "ဆရာမ ကျနော့်သမီးလေး" ပေါ့ ဘာညာပေါ့ သူတို့တွေ လာပြောရင်းနဲ့မှ "အဲ့ ကိုယ်က အမှုက အရမ်းများရင် ကိုယ်က မနိုင်ဘူးလေ၊ ဆိုတဲ့အခါကျတော့ ကျမ အဲ့ဒါနဲ့ ကူညီပေးရင်း ကူညီပေးရင်းနဲ့မှ အဲဒီအချိန်မှာ ကူညီပေးတဲ့ အဆင့်အထိပဲ ရှိသေးတယ်။ တခုပြီးတခု အကူအညီက လိုလာတယ်။ တချို့ကျတော့ ထောင်ထဲကို ပါဆယ်တွေ သွင်းတာ သူတို့ မသွင်းတတ်ဘူး၊ အဲ့အခါကျတော့ ကျမတို့က ဝင်ပြီးကူညီပေးတယ်။ တချို့ကျတော့ မသွင်းနိုင်၊ မသွင်းနိုင်တော့ ကျမတို့ဘက်က ထည့်ဝင်ငွေလေးကို ရန်ပုံငွေလေး သေးသေးလေးလုပ်ပြီးတော့ အဲ့မှာ ထည့်ဝင်ပေးတယ်။ အဲဒီကနေပြီးတော့ တဆင့်ပြီးတဆင့် တဆင့်ပြီးတဆင့်နဲ့ ကျမတို့ ကူညီပေးခဲ့တယ်ဆိုတော့ အဲ့ဒါ ကျမရဲ့ ဘဝ ပြောင်းသွားတဲ့ သဘောပေါ့နော်။ အခု ကျမ ဒီနေ့ ဖြစ်နေတဲ့ အရာတွေအကုန်လုံး ဒီအာဏာသိမ်းမှု ဖြစ်စဉ်နောက်ပိုင်းမှာ ဖြစ်နေတဲ့အရာ ကျမ ရွေးချယ်ခဲ့တဲ့ လမ်းမဟုတ်ဘူး။ ကျမ နဂိုတုန်းက ဖြစ်ချင်တဲ့ လမ်းတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမ ရွေးချယ်မှုအပေါ်မှာ ဘယ်သောအခါမှ နောက်တလည်း မရသလို မှားတယ်လို့လည်း မထင်ခဲ့ဘူး။ ဒါကတော့ တဆစ်ချိုးပြောင်းတာ perspective တွေလည်း change လာတယ်၊ ပြီးတော့ ကျမရဲ့ အလုပ် သဘောတရား ပုံစံလည်း ပြောင်းလဲသွားတာပေါ့။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ။ ဒါဆိုရင် လက်ရှိအချိန်ထိရော ကိုယ့်ကို ဆက်ပြီးတော့ တိုက်ပွဲဝင်စေမဲ့ ကိုယ့်ရဲ့ အင်အားကရော ဘာဖြစ်မလဲ ဆရာမ။
ဖြေ။ “၂၀၂၁ ခုနှစ် မတ်လမှာ သူဘယ်သူလဲ ကျမ မသိတော့ဘူးနော် ဖုန်းနဲ့ပဲ အဆက်အသွယ်ရတာ။ အလုံမှာ ဆန္ဒပြရင်းနဲ့ အပစ်ခံရတယ်တဲ့ သူ့မောင်က။ အဲ့အကြောင်းပြောရင် ကျမ အမြဲတမ်း emotion ဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲဒီ သူ့မောင်က ထိသွားတယ်ပေါ့ ကျည်နဲ့။ သူ ကျမကို ဖုန်းဆက်တယ်။ "ဆရာမ ကျမမောင်တော့ ပါသွားပြီပေါ့၊ ဘယ်နားပါသွားနိုင်မလဲ" ဘာညာနဲ့ ပြောတယ်ပေါ့နော်၊ "ကျည်ဒဏ်ရာလည်း ရှိတယ်" တဲ့၊ "သွေးကွက်တွေလည်း အများကြီးပဲ" ပေါ့၊ "တွေ့တဲ့သူက ပြောတယ် ဆရာမ... အဲ့ဒါ သူ အသက်ရှင်နိုင်ပါ့မလား မသိဘူး" တဲ့။ "ဪ... အသက်ရှင်နိုင်၊ မရှင်နိုင်တော့ ကျမ မသိဘူး၊ ဒါပေမဲ့ အဲဒီကဆိုရင်တော့ ဘယ်စစ်ကြောရေးမှာ ရှိနိုင်တယ်" ပေါ့။ ကျမ ချိတ်ဆက်ပေးမယ်၊ ဘာလို့လဲဆိုတော့ ကျမတို့ team တွေလည်း အဲ့မှာ တချို့လူတွေ လွှတ်ထားတာရှိတယ်၊ လိုအပ်တယ်ဆိုရင် ကျမလာခဲ့ပေးမယ် ဆိုတော့ "ရတယ် ဆရာမ ကျမ သွားလိုက်မယ်" ဆိုပြီး ပြောတယ်။ အဲ့ဒါနဲ့ သူ ထွက်သွားတယ်။ နောက်တရက် သူ ဖုန်းဆက်လာတယ်။ "ဆရာမ..." ဆိုတော့ ကျမ အသံမှတ်မိတယ်လေ ဘယ်သူလဲဆိုတာ၊ "ဆရာမ... ကျမမောင် ရှာတွေ့ပြီ၊ ခြေလည်းမပြတ်ဘူး၊ လက်လည်းမပြတ်ဘူး၊ အကောင်းအတိုင်းပဲ ရလာတာ ဆရာမတဲ့၊ အခုတော့တဲ့ ကျမတို့ ခေါ်ထုတ်လာပြီ" ဆိုပြီး ပြောတော့ "ဪ... ဟုတ်လား၊ ခေါ်ထုတ်လာပြီလား၊ ဟဲ့ ဝမ်းသာလိုက်တာ" လို့။ "ဘယ်သွားနေလဲလို့ အခု အိမ်ပြန်နေတာလား" ဆိုတော့ "မဟုတ်ဘူး၊ အခု ထိန်ပင်ကို သွားတာ"တဲ့။ ဆိုတော့ ကျမ ကြောင်သွားတယ်၊ "ထိန်ပင်မှာ ဘာသွားလုပ်တာလဲ" ဆိုတော့ "သင်္ဂြိုဟ်မှာ" တဲ့။ ဒါပေမဲ့ သူ့အသံမှာ ဝမ်းနည်းတဲ့အသံ တစက်မှမပါဘူး။ "ဆရာမ အရမ်းကျေးဇူးတင်တယ်"တဲ့။ ဆိုပြီး ပြောတော့ ကျမတို့ အဲ့နေ့ ကျမတယောက်တည်း မဟုတ်ဘူးနော်၊ ကျမတို့ တဖွဲ့လုံးက ကြောင်သွားတာ။ သူ့မောင် သေသွားတာနော်၊ ဒါပေမဲ့ သူ ထိန်ပင်သွားတယ်၊ သူ သင်္ဂြိုဟ်တယ်။ "ခြေအကောင်းအတိုင်း၊ လက်အကောင်းအတိုင်းနဲ့ သင်္ဂြိုဟ်ခွင့်ရတယ်၊ မျက်နှာမှာလည်း ညိုမည်းမစွဲဘူး ဆရာမ" တဲ့။ ဆိုတော့ သူ့ရဲ့ appreciative စကားလုံးက ကျမကို အရမ်း... အရမ်းကြီး စဉ်းစားစရာ ဖြစ်စေတယ်။ သူ "ခေါ်ထုတ်လာပြီ" လို့ ပြောတော့ ကျမတို့ ထင်တာက အသက်ရှင်လျက်နဲ့ ခေါ်ထုတ်တယ်ထင်တာ... မဟုတ်ဘူး။ ပြီးတော့ သူ ကျမကို ပြောတာ အထပ်ထပ်အခါခါ သူပြောတယ် "ဆရာမ ကျေးဇူးတင်တယ် ဆရာမ၊ ဆရာမသာ မညွှန်းရင် ကျမ ဒီလိပ်စာ ကျမ သိမှာမဟုတ်ဘူး" ဆိုပြီး ပြောတယ်။ တချို့လူတွေမှာ ကျမတို့မှာလည်း ဝမ်းနည်းစရာကောင်းတဲ့ ပတ်ဝန်းကျင်တွေ ပြည့်နေတဲ့အချိန်မှာ၊ ပူဆွေးနေရတဲ့အချိန်မှာ၊ ဒေါသတွေနဲ့ ထွက်နေရတဲ့ အချိန်မှာ သူက ကျမကို ကျေးဇူးတင်တယ်လို့ ပြောတဲ့စကား... အဲ့ဒါ ကျမကို keep on moving ပေါ့နော်။ ကျမမှာ ဘဝခက်ခဲတဲ့အခါတိုင်း လူဆိုတော့နော် အခက်အခဲတွေ ရှိမယ်၊ အဆင်မပြေမှုတွေ ရှိမယ်၊ ဝမ်းနည်းစရာတွေ ရှိမယ်၊ တခါတလေ ယုံကြည်မှုတောင် ပျက်သုဉ်းရတဲ့ အနေအထား တခုဖြစ်တဲ့ အချိန်မှာ သူ့ရဲ့ စကားက ကျမကို အခုအချိန်ထိ ဆက်သွားစေတယ်ပေါ့နော်။ ပြီးတော့ နောက်ထပ်တခုက ကျမရဲ့ မိဘတွေရဲ့ belief, faith, hope က ကျမကို ဒီနေ့ဒီအချိန်ထိ ခွန်အားဖြစ်စေတယ်။ ပြီးတော့ တတိယအနေနဲ့ ကျမရဲ့ ရဲဘော်ရဲဘက်တွေဆီက မထိုက်မတန်ဘဲနဲ့ ကျမ ရရှိတဲ့ ယုံကြည်မှုတွေနဲ့ မျှော်လင့်ချက်တွေကြောင့် ကျမ ဒီနေ့ထိ သွားနိုင်တာ ဖြစ်ပါတယ်လို့။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ။ ဆရာမရဲ့ ဒီအတွေ့အကြုံတွေထဲမှာ အမျိုးသမီးတယောက်ရဲ့ အသံကို ဒီတရားရုံးကနေတဆင့် အားကောင်းအောင် လုပ်ခဲ့ရတဲ့ပေါ့နော်၊ လုပ်ဆောင်ခဲ့ရတဲ့ အမှတ်ရဆုံးဖြစ်တဲ့ အရာလေးတွေ ပြောပြပေးပါဦးရှင့်။ အမှတ်တရလေးပေါ့။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ကျမတို့ legal profession area မှာမှ မဟုတ်ဘူး၊ အမျိုးသမီးတွေရဲ့ အသံက ကဏ္ဍအစုံမှာ ကျမတို့တွေက ပထမဦးဆုံး အသံထွက်တဲ့ အခါမှာ ကျမတို့ ချက်ချင်း ကျမတို့ရဲ့ အသံကို နားထောင်ပေးတာမျိုး မရှိဘူး။ ဒါက ဒီ legal profession မှာပဲ မဟုတ်ဘူး၊ တခြားကဏ္ဍတွေမှာလည်း ပါရင်ပါလိမ့်မယ် ထင်တယ်။ ကျမမှတ်မှတ်ရရ အဲ့ဒါက ၂၀၁၂-၁၃ လောက် ဖြစ်မယ်ထင်တယ်နော်၊ ဒီမြို့နယ် တရားရုံးတခုမှာ ကျမဘယ်သူ့ကို စစ်ရတာလဲဆိုတော့ ကျမတို့ ရဲမှူးကို စစ်ရတာ။ မြို့နယ်မှာ ရဲမှူးကို စစ်တယ်ဆိုတာ နည်းနည်းရှားတယ်၊ ဘာလို့လဲဆိုတော့ မြို့နယ်အဆင့်မှာ ဒုရဲမှူးလောက်ပဲ လာတာကိုး၊ အဲ့တုန်းက ရဲမှူးကိုယ်တိုင် လာတယ်။ ပြီးတော့ အမှုကလည်း ပုဒ်မ သေးသေးလေး အမှုပဲ၊ သာမန်အမှုလိုမျိုးမှာ ရဲမှူးကိုယ်တိုင်လာပြီး အစစ်ခံတယ်။ ပြီးတော့ ကျမက အဲဒီအချိန်မှာ လူငယ်ရှေ့နေ၊ ပိန်ပိန်ပါးပါးလေးပဲလေနော်။ ကျမ ဒီဟာကို ပြောတာလည်း တခါတရံ လူကနော် ဟိတ်ဟန်တွေ ရှိတယ်လေနော်။ ဆိုတော့ ကျမ အဲ့တုန်းက ပိန်ပိန်ပါးပါးလေး၊ ပြီးတော့ ကျမတယောက်တည်း။ ကျမရဲ့ နောက်ကွယ်မှာ ကျမ ဆရာတွေ မရှိဘူး၊ ဆရာမတွေ မရှိဘူး၊ အသက်ကြီးကြီးပေါ့နော်။
ကျမတို့ မေးခွန်းတခု မေးလိုက်တိုင်း အဲဒီသက်သေက ဖြေတဲ့ပုံစံက respect (လေးစားမှု) မရှိဘူး။ မေးခွန်း ကျမ ၆ ခု၊ ၇ ခုလောက် ကျမ မေးတယ်၊ အမှုနဲ့ သက်ဆိုင်တဲ့ မေးခွန်းတွေ မေးတဲ့အခါမှာ သူက ကျမကိုလည်း သေချာကြည့်ပြီး မဖြေဘူး။ သူ့ရဲ့ body posture တွေက သိသာတယ်လေ။ ကျမကို ကျောပေးထားတယ်၊ ဒူးနှံ့နေတယ်၊ ပြီးတော့ လက်ကို ပုတ်ပုတ်ပြီး တချို့ကျတော့ ရှိတယ်လေ ဒူးတွေနှံ့နေတာလေနော်။ ဆိုတော့ အဲ့ဒါတွေက disrespect manner (လေးစားမှုမရှိတဲ့ အမူအရာ) တွေလေ။ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျမ တရားရုံး မှတ်တမ်း တင်ပစ်လိုက်တယ်။ တရားရုံးကို ကျမ မှတ်တမ်းတင်တယ် "သက်သေရဲ့ နေပုံထိုင်ပုံ၊ ဒါနဲ့ ပတ်သက်ပြီးတော့ သင့်တော်တဲ့ သတိပေးမှုပေါ့နော် ရုံးတော်ကနေပြီးတော့ ချမှတ်ပေးပါ၊ ဒါက ရုံးတော်ကို မထီမဲ့မြင် ပြုတာပါ" ဆိုပြီး ကျမ လျှောက်လဲချက် တင်ပစ်လိုက်တယ်။ အဲဒီအချိန်ကျမှ တရားရုံးကရော၊ တရားသူကြီးရော၊ သူရော ပြာပြာသလဲ ဖြစ်သွားတယ်။
ဆိုတော့ ဒီအခင်းအကျင်းလေးက တချို့အတွက်က ဒါ မထူးဆန်းဘူးလို့ ပြောမယ်၊ ဒါပေမဲ့ ကျမအတွက်က သိပ်ကို ထူးဆန်းတဲ့ အရာတခု ဖြစ်တယ်။ ဘာလို့လဲဆိုတော့ ကျမ ပြောချင်တာ ဒီအခင်းအကျင်းလေးမှာ တခါတရံကျရင် ကျမတို့က ပြရတယ်။ ဒါကို ကျမတို့က လက်ခံဖို့ မဟုတ်ဘူး၊ သူက disrespect ဖြစ်တာပဲ၊ "ဪ ကိစ္စမရှိဘူး ကိုယ့်အလုပ် ပြီးသွားရင်ပြီးရော" မဟုတ်ဘူး။ ကျမတို့ရဲ့ အလုပ်သည်၊ ကျမတို့ရဲ့ အသံကို နားထောင်ရမယ်။ တချို့က နားပဲထောင်တာ၊ မကြားဘူး။ ကျမတို့ ကြားအောင် ကျမတို့ဘက်က ပြောရမယ်၊ သူတို့ မကြားရင် မကြားတဲ့ဟာကို ကျမတို့က record ကျမတို့ လုပ်နိုင်ရမယ်။ ပြောချင်တာ ဒီကဏ္ဍတိုင်း ကဏ္ဍတိုင်း ကျမတို့မှာ အများကြီးပဲ ကြုံတွေ့ရတယ်။
ကျမဆို ပိုဆိုးတယ်နော်၊ တိုင်းရင်းသူ ဖြစ်တဲ့အခါကျတော့ အသံကလည်း မပီဘူး။ ပြီးတော့ ဆိုလိုရင်းက အမှန်အတိုင်းပြောရင် ကျမတို့မှာ အများကြီးပဲ သင်ယူရတယ်၊ ကျမဆို ဗမာစကားက ကျမရဲ့ first language မဟုတ်တဲ့ အခါကျတော့... ပြီးတော့ ရုံးစကားနဲ့ အပြင်မှာ ပြောနေတဲ့ စကားကလည်း မတူပြန်တဲ့ အခါကျတော့ ဒါကို ကျမတို့က ပိုပြီးတော့ လေ့လာရတယ်။ လေ့လာတဲ့အခါမှာ နောက်ပိုင်းကျတော့ ဒီလိုမျိုးပေါ့နော် အမျိုးသမီးဆိုတဲ့ နေရာမှာ သူများထက်ပိုပြီး ကျမတို့က ကြိုးစားရတယ်၊ အချိန်အားဖြင့် သော်လည်းကောင်း၊ ဘာမဆို ပိုပြီးတော့ လုပ်ယူရတယ်ပေါ့နော်။ ဆိုတော့ ဒီဟာလေးတွေက ကျမတို့မှာ အများကြီးပဲ၊ ဒါကတော့ ကျမ အမှတ်ရစရာလေး တခုပါပဲ။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ။ ဒီနှစ်ရတဲ့ လူ့အခွင့်အရေးဆုနဲ့ ပတ်သက်ပြီးတော့ ဆရာမအနေနဲ့ ခံစားချက်လေး ပြောပြပေးပါဦး။
ဖြေ။ “အင်းနော်... ဆိုတော့ ဆုကလည်း ရသွားတဲ့အခါကျတော့လေနော်။ လူ့အနေနဲ့ပေါ့နော်၊ ဒါ ကျမ လူဖြစ်တဲ့ လူသားပီပီ ကျမအနေနဲ့ ပြောရရင် ဆုရတဲ့အခါမှာတော့ ဝမ်းသာတယ်။ အမှန်တိုင်းပြောရရင် ညီမလေးမေးမှသာ ကိုယ်လည်း ကိုယ့်ဟာကိုယ်ပြန်ပြီးတော့ remind လုပ်လာတယ်။ ဘာလို့လည်းဆိုတော့ ကျမတို့ ငယ်ငယ်တုန်းကပဲ ဆုလိုချင်လို့ ကြိုးစားကြ တာလေ။ ဆုလိုချင်တဲ့အခါမှာ ကျမတို့ ကြိုးစားရတယ်။ အမှတ်ကောင်းကောင်းရအောင် ကြိုးစားရတယ်။ ဒါပေမဲ့ ဒီအလုပ်မှာကျတော့ ဘာလိုချင်လို့ပါဆိုပြီး အထွေအထူး ကြိုးစားခဲ့တာတော့ မရှိဘူး။ ဒါပေမဲ့ ကျမပုံမှန်အလုပ်ကိုပဲ ကျမ ပုံမှန်ဆက်လုပ်ရင်း လုပ်ရင်းနဲ့မှ ဘာသာရေးအရပြောရင် ဘုရားရဲ့ မျက်နှာသာနဲ့ ကျမ ဒါရတယ်ပေါ့။ ဒီဆုကကျတော့ တာဝန်လည်း ကြီးတယ်။ ဘာလို့လဲဆိုတော့ Outstanding Award လေးနော်၊ ပြီးလည်းပြီးရော legal practitioner လို့ခေါ်တဲ့ ရှေ့နေတွေကို ပေးတဲ့ဆု၊ ပြီးတော့ လူ့အခွင့်အရေးဆုလည်း ဖြစ်တဲ့အခါကျတော့ အမှန်တိုင်းပြောရင် ကျမ အမောလည်း ပြေသွားတာပေါ့။ ဘာလို့လဲဆိုတော့ ကျမလုပ်လာတာလေနော်၊ တချို့ကျတော့ အခုဒီဆုရမှပဲ တချို့က ကိုယ့်ကို အခုမှသိမှာလေနော်။ ဒါပေမဲ့ ကိုယ် တစိုက်မတ်မတ် လုပ်လာတဲ့ အမှုတွေမှာဆိုရင် မျက်နှာမွဲတွေ များတယ်။ ရွာထဲက လူတွေ များတယ်။ ပြီးတော့ အကျဉ်းထောင်ထဲမှာ ပိုက်ဆံပေးပြီး ငှားပါ့မယ်လို့ ပြောတဲ့ clients တွေမှာတောင်မှ ရှေ့နေမရခဲ့တဲ့ အမှုတွေကို ကျမ လိုက်ခဲ့တာ။ အဲ့ဒါတွေ အကုန်လုံး ကျမကို recognize (အသိအမှတ်ပြု) လုပ်တာ ဖြစ်တဲ့အခါကျတော့ "ဪ... လူမသိသူမသိ ငါလုပ်ခဲ့တဲ့ အရာက အခု အဖွဲ့အစည်းတခုက သိပြီးတော့ ငါ့ကို ချီးမြှင့်တယ်" ပေါ့၊ ကိုယ်ဝမ်းသာတယ်ပေါ့နော်။ ကျမမှာ တာဝန်တော့ ပိုကြီးသွားတာပေါ့။
အရင်တုန်းကတော့ ကျမရဲ့ clients အတွက် ကျမအလုပ်လုပ်တယ်။ ပြီးတော့ တစတစကျတော့ သူနဲ့ပတ်သက်တဲ့ community အတွက် အလုပ်လုပ်လာတယ်။ အခုနောက်ပိုင်းကျတော့ ကျမကို ဘာတာဝန်ပေးကြမလဲ အဲ့တာဝန်အပေါ်မှာတော့ ကျမလုပ်မယ် ဒါပေမဲ့ လောလောဆယ်မှာ ကျမဘာဆက်လုပ်မှာလည်းဆိုတော့ ပုံမှန်လုပ်နေတဲ့အလုပ်ကိုပဲ ကျမ ဆက်လုပ်သွားမှာ ဖြစ်ပါတယ်လို့။ ဒီဆုရတဲ့အပေါ်မှာတော့ ဝမ်းသာတယ်။ ပြီးလည်းပြီးရော humble လည်း ဖြစ်တယ်၊ ဘုရားလည်း ကျေးဇူးတင်တယ်၊ ပြီးတော့ ကျမနဲ့အတူ လက်တွဲပြီး လုပ်နေတဲ့ ကျမရဲ့ ဒီ community က လူတွေ၊ organization လူတွေ၊ ပြီးတော့ အထူးသဖြင့် ကျမ အဖွဲ့အစည်းကိုလည်း အရမ်းကျေးဇူးတင်တယ်။ ဘာလို့လဲဆိုတော့ တချို့သော နေရာတွေမှာ ရုပ်ရှင်ဇာတ်လမ်း ရိုက်သလိုပါပဲ ကျမတို့က လုပ်ကွက်ရဖို့ကလည်း တအားလိုအပ်တယ်လေ။ ဒါပေမဲ့ လုပ်ကွက် များများရတဲ့သူက ပိုလည်းပင်ပန်းတယ်၊ သူက ပိုလုပ်ရတာကိုး။ ကျမတို့ မညည်းမညူနဲ့ ဘာမဆို ကျမ အကုန်လုပ်တယ်။ လုပ်နိုင်သရွေ့ ကျမ လုပ်ခဲ့တဲ့ အရာအပေါ်မှာလည်း ဒါ ချွေးသိပ်စေတဲ့ အရာလို့လည်း ကျမအနေနဲ့ မြင်ပါတယ်လို့။”
မေး။ ဟုတ်ကဲ့ပါဆရာမ နောက်ထပ်မေးခွန်းတခုက မြန်မာနိုင်ငံမှာ အခုဆိုရင် တရားဥပဒေ စိုးမိုးမှုမရှိတဲ့ အချိန်ကာလဆိုတော့ ထောင်ထဲမှာ ရှေ့နေ့ အကူအညီလိုတဲ့သူတွေလည်း အများကြီးရှိနေမှာပဲ အခုကာလဆိုရင် ပိုဆိုးမှာပေါ့နော် ဒါနဲ့ပတ်သက်ပြီး ဆရာမရဲ့ မှတ်ချက်လေး ပြောပြပေးပါရှင့်။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ဒီကာလမှာလေ ရှေ့နေကလည်း မရှိဘူးမဟုတ်ဘူး ရှိတယ်။ ဒါပေမဲ့ ရှေ့နေတွေမှာလည်း ခြိမ်းခြောက်မှုတွေကလည်း အများကြီး ခံရတာတွေ ရှိတာပေါ့၊ professionally အရသော်လည်းကောင်း၊ personally အရသော်လည်းကောင်း။ တချို့သောအမှုတွေဆို လိုက်ပေးချင်တာတောင်မှ လိုက်လို့မရဘူး။ ဥပမာ စစ်ခုံရုံးက စွဲဆိုတဲ့ အမှုတွေဆို လိုက်ပေးလို့ မရဘူးလေနော်။ ဒီဟာတွေ အကုန်လုံးက ဒါ ကျမတို့ တချိန်မှာ၊ ဒီနေ့ဖြစ်ပျက်သမျှ အကုန်လုံးက တချိန်မှာ သမိုင်းဖြစ်မဲ့ဟာတွေ။ ကျမတို့ တချိန်မှာ အဲဒီသမိုင်းတခု ရောက်တဲ့အခါကျရင် ကျမတို့က regret (နောင်တ) မရအောင် ပေါ့နော်၊ ကျမတို့ ဒီနေ့မှာ ပိုပြီးတော့ ကျမတို့ မှန်ကန်တဲ့ လမ်းကို ရွေးရတာကိုး။ ဆိုတဲ့အခါကျတော့ အခုဆို စစ်ခုံရုံးက အမှုတွေဆို ကျမတို့ မကူညီပေးနိုင်ဘူး၊ သူတို့က လုပ်ပေးပါလို့ ပြောရင်တောင် ကျမတို့ ကူညီလို့မရဘူး။ ဆိုတဲ့အခါကျတော့ ကျမတို့ ဘာတွေ ကူညီပေးလဲ၊ ဒါကတော့ သူနဲ့ သူ့ရဲ့ မိသားစုဝင်တွေ သိတယ်၊ ကျမတို့ ကူညီပေးတဲ့ အရာတွေရှိတယ်၊ တချို့အရာတွေပေါ့နော်။ အဲ့လိုမျိုးတွေမှာ ကျမတို့ တထောင့်တနေရာအားဖြင့် ကျမတို့ ကူညီပေးတယ်။ ဒါကတော့ clients နဲ့ client's' family member သိတယ်။ ပြီးတော့ နောက်တခုက ကျမတို့က record ပြန်လုပ်တယ်။ တချိန်မှာ ဒီလိုမျိုး ဖြစ်မလာဘူးလို့ ပြောလို့မရဘူး၊ နိုင်ငံရေးက အမြဲတမ်း တပတ်လည်တတ်တဲ့ အခါကျတော့လေ။ တကယ်လို့ ဒီလိုမျိုး scenario တချိန်မှာ ဖြစ်မလာရင် အကောင်းဆုံးပါပဲ၊ ဒါပေမဲ့ ဖြစ်လာခဲ့သည်ရှိသော် ဒီလိုမျိုး အဖြစ်ဆိုးမျိုး နောက်တချိန်မှာ မဖြစ်ဖို့ရန်အတွက် အရမ်းအရေးကြီးတယ်ဆိုတော့ ကျမတို့ ဒါတွေကိုလည်း အမြဲတမ်း မှတ်တမ်းလည်း လုပ်သလို၊ ဒါနဲ့ပတ်သက်ပြီးတော့လည်း ကျမတို့ ဒီ stakeholder တွေနဲ့ ပတ်သက်ပြီးတော့လည်း မျှဝေတာမျိုး ရှိတယ်ပေါ့နော်။ ဒါကတော့ ကျမတို့ ပုံမှန်လုပ်နေတဲ့ တချို့အရာတွေကျတော့ ဒါ တချို့ရဲ့ ဒီလုံခြုံရေးကြောင့်မို့ ကျမတို့ ဘာတွေ ကူညီပေးလဲ ဆိုတာတော့ ဒီအချိန်မှာတော့ ပြောလို့မရသေးဘူးပေါ့၊ တချိန်ကျရင်တော့ ကျမတို့ ပြောမှာပေါ့နော်။
ပြီးတော့ နောက်ထပ်တခုကကျတော့ ကျမတို့ ဒီအကျဉ်းထောင်ထဲမှာ ရှိနေတဲ့ လူတွေ၊ တချို့ သူတို့ရဲ့ feeling လေးကို ပြောချင်တာ။ တချို့ကကျတော့ သူတို့ရဲ့ ခံစားချက်မှာ သူတို့ ထောင်ထဲရောက်သွားပြီ၊ သူတို့ ဘာမှလုပ်လို့ မရတော့ဘူးဆိုတော့ လူတွေက သူတို့ကို မေ့ပြီလို့ သူတို့ ထင်ကြတယ်။ ကျမ ဒီကနေတဆင့် ပြောရရင် ကျမတို့ လုံးဝမမေ့ပါဘူးလို့။ မမေ့လည်း မမေ့ဘူး၊ မမေ့ကြောင်းကိုလည်း ကျမ ဒီစကားနဲ့ပဲ ကျမ သက်သေပြခဲ့ပါတယ်။ မမေ့ကြောင်းက ကျမရဲ့ clients တွေ ကောင်းကောင်းသိပါတယ်လို့။ ဆိုတော့ ကျမတို့ မမေ့ဘူး၊ တချိန်မှာ ပြန်တွေ့မယ်၊ ကျမတို့ တချိန်မှာ ကျန်းကျန်းမာမာနဲ့ တွေ့ဖို့ရန်အတွက်ကတော့ ကိုယ်ကလည်း ကျန်းမာရေး ဂရုစိုက်ဖို့ လိုတယ်လို့ ကျမအနေနဲ့ ဒီမီဒီယာကနေတဆင့် ဒါ ပြောချင်ပါတယ်လို့။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ။ နောက်ထပ်တခုက ဒီကာလမှာပေါ့နော် အမျိုးသမီးတွေအနေနဲ့ ဒီလုံခြုံရေးက တအား ခြိမ်းခြောက်ခံရတဲ့ အနေအထားတွေ ရှိတယ်ဆိုတဲ့ အခါကျတော့ပေါ့နော်၊ လုံခြုံမှုမရှိဘူးဆိုတာ တိုင်လို့ရတဲ့ နေရာတွေ အဲ့လို အတည်တကျရှိမနေတာပေါ့။ အဲ့တော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ဆရာမရဲ့ မှတ်ချက်လေး ပြောပြပေးပါဦးရှင့်။
ဖြေ။ “ဟုတ်ကဲ့ရှင့်။ ကျမတို့ အမျိုးသမီး issue က မြန်မာနိုင်ငံမှ မဟုတ်ဘူး၊ တကမ္ဘာလုံးမှာ သူက အမြဲတမ်း issue တခုအနေနဲ့ ပေါ့နော် special issue အနေနဲ့ အမြဲတမ်းရှိတယ်။ ဒါကြောင့်မို့လို့လည်း UN မှာတောင်မှ UN Human Rights Convention မှာတောင်မှ ဒီအမျိုးသမီးတွေ ကာကွယ်ဖို့ဆိုတဲ့ CEDAW ဆိုတဲ့နော် ဒီသီးခြားဥပဒေကလည်း ထုတ်ပြန်ထားတာကိုး။ ဒါပေမဲ့ ဒီနေရာမှာ အလျဉ်းသင့်တုန်းလေး ကျမအနေနဲ့ ဖြေချင်တာ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးသာမက တကမ္ဘာလုံးမှာ ရှိတဲ့ အမျိုးသမီးတွေ အနေနဲ့ လုံခြုံမှုမရတာက ဥပဒေမရှိလို့ မဟုတ်ဘူး။ ကျမတို့ မြန်မာနိုင်ငံမှာ ကြည့်ကြည့်လိုက်ပါ၊ special law မဟုတ်ဘူး၊ special law ကိုပဲ သွားမကြည့်နဲ့ဦး၊ ကျမတို့ general law ဒါမှမဟုတ် ရာဇသတ်ကြီးကိုပဲ ကြည့်ကြည့်လိုက်ဦး အမျိုးသမီးကို ကာကွယ်ပေးထားတဲ့ ပုဒ်မတွေ အများကြီးပဲ ရှိတယ်။ အမျိုးသမီးတဦးကို sexual harassment (လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု)၊ လုပ်ဖို့ မပြောနဲ့ အကြည့်နဲ့လည်း လုပ်လို့မရဘူး။ အကြည့်နဲ့လည်း ကြည့်လို့မရဘူး အသံနဲ့လည်း လုပ်လို့မရဘူး၊ အဝေးကနေ ကိုယ်ထိလက်ရောက် မဟုတ်သေးဘူး၊ အဝေးကနေတောင် လုပ်ပြလို့မရဘူး၊ အမျိုးသမီးရဲ့ ကာယိန္ဒြေ ပျက်စီးစေအောင် လုပ်လို့မရဘူး။ ထောင်ဒဏ် အနည်းဆုံး ၁ နှစ်ကနေ စတယ်။ အဲဒီကနေမှ သေဒဏ်အထိတော့ ရှိတာပေါ့နော်။ ပြီးတော့ နောက်ထပ်တခု အမျိုးသမီးနဲ့ ထိမ်းမြားလက်ထပ်တာ၊ အမျိုးသမီးကို ကာကွယ်ပေးထားတာ အများကြီးပဲ ရှိတယ်။ ကွာရှင်းတဲ့ကိစ္စ၊ ကဲ ပြီးလည်းပြီးရော သားသမီး အုပ်ထိန်းတာမှအဆုံး ဒါ ပြည်တွင်းဥပဒေထဲမှာ ရှိတယ်။ ဒါကြောင့် ကျမပြောတာ ဒါ ဥပဒေပြဿနာ မဟုတ်ဘူး။ အဲ့လောက် အမျိုးသမီးတွေကို ကာကွယ်ပေးထားတဲ့ ဥပဒေတွေ အများကြီးထဲမှာ ဘာလို့ ခံရတာ အမျိုးသမီးပဲ ဖြစ်နေရတာလဲ။ ပြီးတော့ တိုင်ကြားတဲ့နေရာ၊ မရှိဘူးမဟုတ်ဘူး၊ တိုင်ကြားတဲ့နေရာ မြို့တိုင်းမှာ ရှိတယ်။ ရပ်ကွက်တိုင်းမှာ တိုင်ကြားလို့ရတဲ့ နေရာတွေ ရှိတယ်။ မရှိလို့မဟုတ်ဘူး၊ ရှိတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးကိစ္စ သွားတိုင်ကြားပေမဲ့ အရေးမယူတာ သာလျှင် ဖြစ်တယ်။ Law enforcement (ဥပဒေကို အကောင်အထည်ဖော်ခြင်း) ပြဿနာ ဖြစ်တယ်၊ ဒါ legal problem (ဥပဒေပြဿနာ) မဟုတ်ဘူး။ ဒါကြောင့် ကျမတို့ law enforcement တွေရဲ့ သူတို့တွေရဲ့ gender sensitivity (ကျား/မ ဆိုင်ရာ အလေးထားမှု) ဒါကို ကျမတို့ သိဖို့လိုအပ်တယ်။
ပြီးတော့ နောက်ထပ်တခုက ဒီလိုမျိုး နေရာတွေမှာ အမျိုးသမီးကိစ္စကို တကယ်ကို သေသေသေချာချာကို လိုက်ပါဆောင်ရွက်ပေးတဲ့သူတွေ ဖြစ်ဖို့လည်း လိုအပ်တယ်ပေါ့နော်။ ဒါကတော့ နိုင်ငံအသီးသီးမှာပါ။ ဆိုတော့ ကျမ ဒီလိုစကားပြောရင် ဒါ ကျမကိုယ်တိုင်လည်း အမျိုးသမီးပဲပေါ့နော်။ ဆိုတဲ့အခါကျတော့ "ဪ ဇာလီအေးက ဒါဆို ဥပဒေရှိလျက်သားနဲ့ ဥပဒေမလိုအပ်ဘူးလို့ ပြောတာလား" ဆိုတော့ မဟုတ်ဘူး၊ ကျမတို့က ဥပဒေက ရှိပြီးသား။ တချို့သော ကဏ္ဍတွေမှာ ကျမတို့ အသစ်ပြဋ္ဌာန်းဖို့တော့ လိုတယ်။ ဒါကတော့ ကျမတို့ ထည့်သွင်း supplement လုပ်ရမဲ့ ဟာတွေတော့ ရှိတယ်။ ဒါပေမဲ့ အခုလက်ရှိ ရှိဆဲတောင်မှ ဒါတွေ ဖြစ်နေတယ်။ ဒါဆိုဘာလို့ ကျမတို့ အမျိုးသမီးတွေက သွားတိုင်ကြားလို့ မရတာလဲ။ ဖြစ်နိုင်တာက ဘာသာစကား ပြဿနာ ဖြစ်ကောင်းဖြစ်နိုင်တယ်၊ တချို့ကျတော့ knowledge ဖြစ်ကောင်း ဖြစ်နိုင်တယ်၊ နောက်ဆုံးတခုက ဘာလဲဆိုတော့ ဒီတိုင်ကြားပြီးသွားရင် အကျိုးဆက်ကို ဒီအမျိုးသမီးက မခံစားနိုင်ဘူး၊ အဲဒီပြဿနာတွေ။ ဒီပြဿနာကို ဖြေရှင်းဖို့ ကျမတို့ ဥပဒေနဲ့ ဖြေရှင်းလို့ မရဘူး၊ ကျမတို့ အချင်းချင်း solidarity (တသားတည်းရှိမှု) ဆိုတဲ့ ဟာနဲ့ပဲ ကျမတို့ ဖြေရှင်းလို့ ရတယ်။
ဥပမာ ဒီအမျိုးသမီး သူ့ယောကျ်ား အမြဲတမ်း နှိပ်စက်နေတယ်။ ဒါပေမဲ့ သူ ဒီယောကျ်ားကို သူ မတိုင်ရဲဘူး။ ဘာဖြစ်လို့လဲ သူသွားတိုင်ပြီး ပြန်လာရင် အဲဒီအိမ်ကိုပဲ သူ ပြန်လာရမှာလေ။ ဆိုတော့ သူ့အန္တရာယ်ကိုလည်း သူ သိတဲ့အခါကျတော့ သူ မတိုင်တာ။ ဒါကြောင့် ကျမတို့ရဲ့ပြဿနာက အဲ့ဒါဖြစ်တယ်။ ကျမတို့ အမျိုးသမီး အချင်းချင်း ကျမတို့ ပံ့ပိုးရမယ်။ ဒါပေမဲ့ ခက်တာကလည်း အမျိုးသမီး ပြဿနာတခုဖြစ်ရင်လည်း အရင်ဦးဆုံး ဝေဖန်တာ အမျိုးသမီးတွေကပဲ ဝေဖန်တယ်။ ကျမတို့ အမျိုးသမီး အချင်းချင်းကို ဝေဖန်ကြတာနော်။ အမျိုးသမီး မုဒိမ်းကျင့်ခံရတယ်၊ "အကျင့်ခံရမှာပေါ့ သူက အဲ့လို ဝတ်စားဆင်ယဉ်နေတာကိုး" ဘယ်သူမှ မပြောသေးဘူး၊ အမျိုးသမီးကပဲ ပြန်ပြောတယ်။ ဆိုတော့ ကျမတို့ ဒါက အမျိုးသမီး အချင်းချင်းမှာတောင်မှ intersectionality (အလွှာစုံ အပြန်အလှန်ဆက်နွှယ်မှု) knowledge ကျမတို့ လိုတယ်။ "ငါသာဆိုရင် မုဒိမ်းဘယ်ကျင့်ခံမလဲ ငါထွက်ပြေးမှာပေါ့" ဆိုတော့ သူက ကိုယ်မှ မဟုတ်ဘဲနေတာနော်။ ဆိုတော့ အဲဒီ အနေအထားတခုလည်း ကျမတို့က နားလည်ဖို့ လိုအပ်တယ်။
ဒါပေမဲ့ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ကျမတို့ အမျိုးသမီး အချင်းချင်း စည်းလုံးရမယ် နံပါတ် ၁၊ နံပါတ် ၂ ကျမတို့ ကူညီရမယ်၊ ပြီးတော့ ကူညီတယ်ဆိုတဲ့အခါ နှုတ်ပဲ ကူညီဖို့မဟုတ်ဘူး၊ ကျမတို့ လက်ပါ ပါရမယ်၊ ကျမတို့ ဘာတွေ ကူညီပေးလို့ ရမလဲပေါ့နော်။ အဲ့ဒါလေးတွေ လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့ အမျိုးသမီးမှမဟုတ်ပါဘူး၊ လူဆိုတာ တယောက်တည်း သူ မနေတတ်ဘူး၊ လူဆိုတဲ့ သဘာဝအဝန်းအဝိုင်းနဲ့ နေတတ်တာဖြစ်တော့ ဒီလိုမျိုး အခြေအနေတွေ ဖြစ်တဲ့အခါကျရင်လည်း ကျမတို့ အမျိုးသမီး အချင်းချင်း ကူညီဖို့ရန်အတွက် လိုအပ်တာ ဖြစ်တယ်လို့။
ဒီလိုမျိုး ကူညီရင်တော့ ဘာပဲဖြစ်ဖြစ်နော် တဖက်လူ ဘာပဲဖြစ်နေ ကိုယ်အဆင်ပြေနေရင် ဘယ်သူမဆို ထပ်ပြီးမလုပ်ဘူးလေနော်။ ဆိုတော့ အရင်ဦးဆုံး ဒီရဲ့ ပြဿနာကို ကျမတို့ ဖြေရှင်းနိုင်ဖို့ လိုအပ်တာ ဖြစ်တယ်။ ဒီလိုမှ မဟုတ်ရင် ကိုယ်ကလည်း ဝေဒနာ ခံစားနေရတဲ့အချိန်မှာ တယောက်တည်း ဘယ်သူမှ မရင်ဆိုင်နိုင်ဘူးလေနော်။ ဟုတ်။ စိတ်ဓာတ်မကျနဲ့၊ ကျမတို့ အမျိုးသမီးတွေက မွေးလာကတည်းကကိုက ကျမတို့က ဘယ်လိုပြောမလဲ ကျန်းမာရေးအရအစ ကျမတို့တွေက ပိုပြီး ကျန်းမာရေး ပိုကောင်းတယ်။ ကျမတို့ သင်ယူမှု gender (ကျား/မ ကဏ္ဍ) မှာ ကြည့်ကြည့်လိုက်၊ သားယောကျ်ားလေး မွေးလာတဲ့ အဲ့ကလေးလေးနဲ့ သမီးကလေးလေးနဲ့ မတူဘူး၊ သူ့ရဲ့ ဖွံ့ဖြိုးမှု၊ အမျိုးသမီးက ပိုပြီး ဖွံ့ဖြိုးတယ်။ ဖွံ့ဖြိုးတာအစ စကားတတ်တာအစ အမျိုးသမီးက ပိုပြီးတတ်တယ်၊ အတတ်မြန်တယ်၊ သွားပေါက်တာတောင် အမျိုးသမီး မြန်တယ်နော်။ ကျမတို့ အမျိုးသမီး... ကျမတို့က မွေးလာရင် အများအားဖြင့် ကျန်းမာရေး ပိုကောင်းကြတယ်။ ပြောချင်တာ ဒီကျန်းကျန်းမာမာနဲ့ မွေးလာတဲ့ ကလေးတွေမှာတောင်မှနော် သားယောကျ်ားဆို အသားဝါဝင်ဖို့ ရာခိုင်နှုန်း များတယ်၊ မိန်းကလေးက အသားဝါဝင်ဖို့ ရာခိုင်နှုန်း နည်းတယ် မဖြစ်ဘူးလို့ မပြောဘူး၊ ရာခိုင်နှုန်း နည်းတာကို ပြောတာဖြစ်တယ်။
ဒါပေမဲ့ ကျမတို့တွေက ကြီးပြင်းလာတဲ့ အချိန်မှာ အပြင်မထွက်ရဘူး၊ ဟိုဟာ မလုပ်နဲ့၊ ဒီဟာ မလုပ်နဲ့ ဆိုတာတွေကြောင့် ကျမတို့တွေကနော် ဘာမဆို ပိတ်မိတတ်တယ်။ ဒါကြောင့် ကျမတို့ အဲ့ဒါ မပိတ်မိနဲ့။ ဒါ အမျိုးသမီးဖြစ်လို့ အမျိုးသားဖြစ်လို့ မဟုတ်ဘူး။ ဒါကြောင့်မို့ ကိုယ့်ဘာသာကိုယ် ကိုယ့်ရဲ့ ဖြစ်တည်မှုကို ကိုယ်လက်ခံပါ၊ ကျမတို့ ဖြစ်တည်မှုအတွက် တစုံတရာ အားကိုးစရာ မလိုဘူးပေါ့နော်၊ ဘုရားမှတပါး ပေါ့နော်။ ဆိုတော့ ဘုရားမှတပါး ကျမတို့ ဘယ်သူ့ကိုမှ အားမကိုးပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပါ၊ ပြီးတော့ နောက်ဆုံးတခုကကျတော့ ကျမတို့ တစုံတခု ဖြစ်ရင် အတိတ်ကံကို မပုံချပါနဲ့လို့။ "ဟာ ငါအတိတ်က ဝဋ်ကြွေးရှိလို့၊ ဝဋ်ကြွေးရှိလို့" ဆိုပြီး မဟုတ်ပါဘူးလို့နော်။ ဆိုတော့ အတိတ်က ဝဋ်ကြွေးရှိတယ်လို့လည်း လက်မခံပါနဲ့၊ ကိုယ့်အားကိုယ်ကိုးပါ၊ ပြီးတော့ ကျမတို့တွေ ကိုယ်နဲ့ peer community (လုပ်ဖော်ကိုင်ဖက် အသိုက်အဝန်း) ကို ရှာပါ၊ နော် ပြီးတော့မှ ကျမတို့ အတူတကွ ရပ်တည်တယ်ဆိုရင်တော့ ကျမတို့ အားငယ်တယ်ဆိုတာတောင်မှ ဘာမှန်းတောင် သိမှာ မဟုတ်ပါဘူးလို့နော်။ ဟုတ်။”
မေး။ ဟုတ်ကဲ့ပါ ဆရာမ။ အခုလိုမျိုး အချိန်ပေးပြီး လာရောက် ဖြေကြားပေးတာ DVB က ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။
ဖြေ။ “ဟုတ်ကဲ့ရှင့်၊ ကျမကိုလည်း ခေါ်ပြီး မေးပေးတဲ့အတွက်ကြောင့်မို့ အရမ်းလည်း ကျေးဇူးတင်ပါတယ်။”










