ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းခွင့် မကောက်သင့်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
“ဖြတ်သန်းခမကောက်ရင် ပိုကောင်းပါတယ်။ တကယ်လို့ ကောက်နေရင် အခုအချိန်မှာ ရပ်လိုက်တာ ပိုကောင်းပါတယ်” လို့ ထရမ့်ပ်က ဆိုရှယ်မီဒီယာ Truth မှာ ရေးသားထားပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဆီတင်သင်္ဘောတွေ ဖြတ်သန်းသွားလာရေးနဲ့ ပတ်သက်ပြီး အီရန်ရဲ့ လုပ်ကိုင်ပုံ အရမ်းညံ့တယ်လို့ ထရမ့်ပ်က ထပ်မံပြောဆိုခဲ့ပါသေးတယ်။
ဟော်မုဇ်ရေလက်ကြားဟာ ကမ္ဘာ့ရေနံနဲ့ ဓာတ်ငွေ့ ၂၀ ရာခိုင်နှုန်း ဖြတ်သန်း ပို့ဆောင်ပေးတဲ့နေရာ ဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားမှာ ဧပြီ ၁၀ ရက်က သင်္ဘောဖြတ်သန်းမှု အနည်းဆုံးဖြစ်တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အီရန်နဲ့ အမေရိကန်တို့ အပစ်အခတ်ရပ်စဲမှု ရယူထားပေမဲ့ သင်္ဘောဖြတ်သန်းမှု နည်းနေတာ ဖြစ်ပါတယ်။
အီရန်နဲ့ အမေရိကန်တို့ ဆွေးနွေးပွဲ ပြုလုပ်ဖို့ တရက်သာ လိုတော့ပေမဲ့ သူတို့ရဲ့ ၂ ပတ် အပစ်အခတ် ရပ်စဲရေးက ထိခိုက်လွယ်တဲ့ သဘောတူညီမှုတခုပဲ ဖြစ်ပါတယ်။
အမေရိကန်က ဟော်မုဇ်ရေလက်ကြားနဲ့ ပတ်သက်ပြီး အီရန်က စည်းကမ်းချိုးဖောက်တယ်လို့ စွပ်စွဲထားသလို အစ္စရေးကလည်း လက်ဘနွန်ကို တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာက စည်းကမ်းဖောက်တာပဲလို့ ပြန်ပြီး စွပ်စွဲထားပါတယ်။
ဗုဒ္ဓဟူးနေ့က လက်ဘနွန်ကို အကြီးဆုံးတိုက်ခိုက်မှု ပြုလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး အီရန်က ဟော်မုဇ်ရေလက်ကြားကို ဆက်ပြီး ပိတ်ထားတာ ဖြစ်ပါတယ်။ ထရမ့်ပ်ကတော့ အဲဒီလို ပိတ်ထားတာက သဘောတူတဲ့အထဲမှာ မပါဘူးလို့ ပြောထားပါတယ်။
အီရန်အဓိပတိ မို့ဂျ်တာဘာ ခါမေနီကတော့ အီရန်နိုင်ငံဟာ မဟာဗျူဟာမြောက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို စီမံခန့်ခွဲရာမှာ အဆင့်သစ်တခုကို ကူးပြောင်းတော့မယ်လို့ ပြောပါတယ်။
ဧပြီ ၉ ရက်က နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ဖတ်ကြားသွားတဲ့ ထုတ်ပြန်ချက်ထဲမှာ ခါမေနီက “ကျနော်တို့ဟာ စစ်ကို မလိုလားခဲ့သလို စစ်ပွဲကိုလည်း ရှာဖွေမနေပါဘူး။ ဒါပေမဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေကိုတော့ ဘယ်နည်းနဲ့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ဒီကိစ္စနဲ့ပတ်သက်ရင် ခုခံကာကွယ်ရေး မျက်နှာစာအားလုံးကို တခုတည်းပဲလို့ သတ်မှတ်ထားတယ်” လို့ ဆိုပါတယ်။
သူဟာ စစ်ပွဲစတင်တဲ့ ပထမဆုံးနေ့မှာတင် အသတ်ခံခဲ့ရတဲ့ သူ့ဖခင် အယာတိုလာ အလီ ခါမေနီရဲ့ အဓိပတိရာထူးကို ဆက်ခံပြီးကတည်းက လူမြင်ကွင်းကို ထွက်လာတာမျိုး မရှိသေးပါဘူး။
ဒါ့အပြင် သူ့ဖခင်နဲ့ အီရန်အာဇာနည်တွေ သေဆုံးမှုအတွက် လက်စားချေသွားမယ်လို့လည်း ကတိပြုခဲ့ပြီး အီရန်ရဲ့ တောင်ပိုင်း အိမ်နီးချင်းနိုင်ငံတွေကိုလည်း မှန်ကန်တဲ့ဘက်မှာ ရပ်တည်ကြဖို့နဲ့ အနောက်နိုင်ငံတွေရဲ့ လိမ်ညာတဲ့ ကတိတွေကို သံသယရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။
သူ့ဖခင် အဓိပတိဟောင်းအတွက် တရားဝင် ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလ ပြီးဆုံးသွားပြီ ဖြစ်ပေမဲ့ အဓမ္မကျူးကျော်ခံရတဲ့ ဒုတိယစစ်ပွဲ၊ တတိယစစ်ပွဲတွေမှာ ကျဆုံးခဲ့တဲ့ အာဇာနည်တွေရဲ့ သွေးအတွက် ကလဲ့စားချေမဲ့စိတ်ကတော့ အီရန်လူမျိုးတွေရဲ့ ရင်ထဲမှာ အမြဲရှင်သန်နေပြီး အကောင်အထည်ဖော်ဖို့ စောင့်ကြည့်နေမယ်လို့ ဆိုပါတယ်။
အမေရိကန်သမ္မတ ထရမ့်ပ်ဟာ အီရန် လူ့အသိုက်အဝန်းတခုလုံးကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားတဲ့ သတ်မှတ်ချိန်မတိုင်ခင် နာရီပိုင်းအလို ဧပြီ ၇ ရက် နှောင်းပိုင်းမှာပဲ သီတင်း ၆ ပတ်ကြာနေပြီဖြစ်တဲ့ အီရန်စစ်ပွဲကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့စွမ်းအင်ထောက်ပံ့မှုမှာ သမိုင်းတလျှောက် အဆိုးရွားဆုံး အနှောင့်အယှက်ဖြစ်စေခဲ့တဲ့ အီရန်ရဲ့ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြီးကို ပြန်ဖွင့်ပေးမဲ့ အရိပ်အယောင်တော့ မတွေ့ရသေးပါဘူး။ ဒီကိစ္စမှာ အစ္စရေးက လက်ဘနွန်အပေါ် ဆက်လက်တိုက်ခိုက်နေတာဟာ အဓိက အဟန့်အတား ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။











