
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကနေ မြဝတီမြို့ဘက်ကို ပို့ဆောင်မဲ့ စက်သုံးဆီ လီတာ ၁၆,၀၀၀ လောက် ကို ထိုင်း အမှတ် ၃ အခွန်ဦးစီးဌာနနဲ့ အဖွဲ့စုံက ဧပြီ ၂၀ ရက်မှာ ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။
အဆိုပါ စက်သုံးဆီတွေကို မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်ကို ဖြတ်ကျော်ပြီး မြန်မာဘက်ကို တရားမဝင် တင်ပို့ဖို့ ပြင်ဆင်နေချိန်မှာ အခွန်ဦးစီးဌာနနဲ့ ထိုင်းစစ်တပ်၊ ထိုင်းရဲတပ်ဖွဲ့ အပါအဝင် ဌာနဆိုင်ရာတွေ ပူးပေါင်းဖမ်းဆီးလိုက်တာပါ။
ကရင်ပြည်နယ်အတွင်းရှိ စက်သုံးဆီအသုံးပြုနေတဲ့ ပြည်သူတွေဟာ စက်သုံးဆီ အခက်အခဲဖြစ်တဲ့ အတွက် ထိုင်းဘက်မှ စက်သုံးဆီတွေကို သဘာဝဂိတ်ပေါက်ကနေ တရားမဝင် တင်သွင်း နေကြတာ ဖြစ်ပါတယ်။
မြန်မာဘက်ကို တရားမဝင် တင်သွင်းဖို့ ၂၂ ဘီးကားကြီးပေါ်ကနေ စက်သုံးဆီ လီတာ ၁၆,၀၀၀ ကာလတန်ဖိုး ဘတ် ၇၀၀,၀၀၀ ဖိုးလောက်ရှိပြီး ဖမ်းဆီးထားတဲ့ ကုန်တင်ကား၊ စက်သုံးဆီနဲ့ ယာဥ်မောင်းတို့ကို ထိုင်းနိုင်ငံရဲ့ အကောက်ခွန် ဥပဒေနဲ့ အရေးယူမယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။










