
ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ဆန်ဈေးအဆမတန်မြင့်တက်ပြီး ဆန်ပြတ်လပ်မှု ပြဿနာကိုပါ ဆိုးရွားစွာ ကြုံတွေ့နေရတဲ့အတွက် စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေဟာ ထမင်းလျှော့စားလာနေရကာ တချို့ဒေသတွေမှာ ဆန်ပြုတ် ပြုတ်သောက်နေရတဲ့ အခြေအနေထိ ရောက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူ၊ ရမ်းဗြဲစတဲ့ မြို့နယ်တွေမှာ ကုန်စည်စီးဆင်းမှု ပိတ်ဆို့ခံထားရတဲ့အတွက် ဆန်ဈေး အဆမတန်ပေးဝယ်နေရတဲ့အပြင် ဆန်ပြတ်လပ်မှု ပြဿနာကိုပါ တပါတည်းရင်ဆိုင်နေရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂ လလောက်က ဆန်ကြမ်းတအိတ်ကို ငွေကျပ် ၇၀,၀၀၀ ဝန်းကျင်သာ ရှိခဲ့ပေမဲ့ လက်ရှိမှာ ငွေကျပ် ၁၄၀,၀၀၀ ကနေ ၁ သိန်းခွဲကြားအထိ ၂ ဆနီးပါး ဈေးမြင့်တက်သွားခဲ့ပါတယ်။
ပေါ်ဆန်းမွှေးဆန်ကတော့ တအိတ်ကို ကျပ် ၂ သိန်းကျော်အထိ ရှိလာနေပြီဖြစ်တဲ့အတွက် အခြေခံ လက်လုပ်လက်စားပြည်သူတွေ ဝယ်မစားနိုင်ကြတော့ပါဘူး။
အထူးသဖြင့် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဆန်ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေကြရပြီး ပိုက်ဆံရှိရင်တောင် လိုသလောက် ဝယ်ယူလို့ မရတော့တဲ့အတွက် ထမင်းလျှော့စားလာနေပြီး တနေ့တာ ဝမ်းရေးမဖူလုံဘူး ဖြစ်လာတယ်လို့ တောင်ကုတ် ဒေသခံတယောက်က ဆိုပါတယ်။
တောင်ကုတ်ဒေသခံတယောက်က “မြို့ပေါ်ရပ်ကွက်တွေထက် ရွာဘက်တွေမှာ ပိုဈေးကြီးပါတယ်၊ စစ်ရှောင်တွေများတဲ့ရွာတွေဆို ဆန်အလွယ်တကူဝယ်လို့ မရဘူး၊ ဆန်ရှားတဲ့အပြင် ဈေးပိုကြီးပါတယ်၊ ကျနော်တို့ ဆန် ၁ တောင်းသွားဝယ်တယ်။ ဒါပေမဲ့ ဆန်တပြည် ( နို့ဆီဘူး ၄ လုံး)ပဲရတယ်။ အဲလိုမျိုးတွေရှိတယ်၊ ပိုက်ဆံရှိပေမဲ့ဝယ်လို့ မရတဲ့အခြေအနေပေါ့နော်၊ လိုသလောက်ကို မရနိုင်တာပေါ့နော်။ ဒါကြောင့် ဝဝလင်လင် မစားရတော့ဘူး။ ဆန် ၅ ဘူးချက်စားတဲ့ မိသားစုဆိုရင် လက်ရှိမှာ ၃ ဘူးလောက်နဲ့ပဲ လောက်ငှအောင် ချက်စားနေရတာပါ။ လျှော့စားနေရတဲ့သဘောပေါ့။ မုန့်ဝယ်စားဖို့ ပိုက်ဆံမရှိလို့ ထမင်းကို အများကြီးစားပါတယ်ဆိုနေမှ ခုက ဆန်ပါဝယ်မရတော့ ထမင်းကိုပါ လျှော့စားလာနေရတာပေါ့။ ပိုက်ဆံကလည်းမရှိ၊ ရှိတာနဲ့ သွားဝယ်ပြန်တော့လည်းဆန်က အလုံအလောက်မရ၊ မိသားစုတွက် မဖူလုံဘူး ဖြစ်နေတာပေါ့နော်” လို့ ပြောပါတယ်။
လက်ရှိ ရခိုင်တောင်ပိုင်းက စစ်ဘေးရှောင်တချို့ဆိုရင် မိုးရာသီကာလ ရခိုင်လို မှိုဟင်းလို့ခေါ်တဲ့ အညွန့်တမျိုးကို ရှာရောင်းပြီး ဝမ်းရေးဖြေရှင်းနေကြရပေမဲ့ တရက်ကို ကျပ် ၂,၀၀၀ ဝန်းကျင်လောက်ပဲ ရရှိတာကြောင့် ဆန်ဝယ်ဖို့တောင် မတတ်နိုင်ကြတော့ပါဘူး။
ရခိုင်ဒေသကို စစ်အာဏာရှင်တပ်က လမ်းပန်းဆက်သွယ်ရေးနဲ့ ကုန်စည်သယ်ယူခွင့် ပိတ်ပင်ထားတာ၊ တိုက်ပွဲတွေကြောင့် လယ်ယာလုပ်ငန်းတွေ မလုပ်ကိုင်နိုင်တာနဲ့ သဘာဝဘေးဒဏ်ကြောင့် စပါးခင်းတွေ ပျက်စီးခဲ့ရတာတွေက ဒေသတွင်း ဆန်ရှားပါးမှုကို ပိုမိုဆိုးရွားစေခဲ့တာပါ။
အလားတူ ရမ်းဗြဲကျွန်း ရမ္မာမြေ စစ်ဘေးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကလည်း ဆန်လှူဒါန်းနိုင်ဖို့အတွက်ကိုတောင် ဆန်စက်တွေမှာ ဆန်ဝယ်မရဖြစ်လာပြီး တခြားနေရာတွေကနေ ရက်ပေါင်းများစွာ အချိန်ယူပြီး ခွဲဝယ်နေရတဲ့ အခြေအနေထိ ရောက်ရှိနေတာပါလို့ ဆိုပါတယ်။
ရမ်းဗြဲကျွန်း ရမ္မာမြေစစ်ဘေးကူညီရေးအဖွဲ့တာဝန်ခံ တယောက်က “ဒီ ဆန်တတောင်းကို ကျပ် ၁၅,၀၀၀ ကနေ အခု ၂၀,၀၀၀ ဖြစ်သွားတယ်။ ဆန်တွေက ၂၀,၀၀၀ တောင်မှ ဝယ်လို့မရဘူး။ အခုက ဆန်တွေက ရှားတော့လေ၊ တနေရာနဲ့ တနေရာကို ဝယ်ရတာ တော်တော် ခက်နေတယ်။ ပုံမှန်ဆို ဆန်စက်တွေက ဝယ်လို့ရတယ်။ အခုက ဆန်စက်တွေက ဝယ်လို့မရတော့ဘူး။ အစ်ကိုတို့က တခြားနေရာတွေက ခွဲ၊ ခွဲပြီး ဝယ်ရတယ်ပေါ့လေ။ အများကြီး ရောင်းဖို့ကလည်း သူတို့ဆီမှာလည်း မရှိဘူး။ သူတို့တွေလည်း စပါးတွေကို ရှာကြံပြီးတော့ ကြိတ်ခွဲပြီးတော့ ရောင်းရတဲ့ အနေအထားမျိုးလေ။ ပုံမှန်ဆိုလို့ရှိရင် အစ်ကိုတို့က လေးငါးရက်လောက်နဲ့ ဆန်တွေ ရှာလို့ရတယ် ဒေသမှာက။ အခုက ရှာလို့မရတော့ဘူး။ အခုက ဆန်တွေက ရှားတော့ အချိန်ပေးရတယ်။ တနေရာကို သွားလှူမယ်ဆိုလို့ရှိရင် အစ်ကိုတို့က ၁၀ ရက်၊ ၁၅ ရက်လောက်ကို ဆန်ရှာရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ ဆန်တွေက ရှားနေတော့လေ။ စစ်ဘေးရှောင်တွေက စပါးမပေါ်ခင်ကာလ တလ နှစ်လလောက်တော့ တော်တော် ဒုက္ခ ရောက်ကြမယ့်ပုံပဲ။ စားဖို့ ဆန်က မရှိ အဲ့တော့ တချို့ မိသားစု များတဲ့သူဆို ဆန်ပြုတ် သောက်ရတဲ့ အနေအထားမျိုး ဖြစ်တယ်”လို့ ပြောပါတယ်။
တဖက်မှာလည်း ငွေကြေးတတ်နိုင်တဲ့ ဆန်ကုန်သည်တချို့က မိုးရာသီမစခင်ကတည်းက ဆန်စပါးတွေကို ကြိုတင်ဝယ်ယူ သိုလှောင်ထားတဲ့အတွက် ဒေသတွင်း ဆန်ရှားပါးပြီး ဈေး ပိုမြင့်တက်လာနေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
ရခိုင်မှာ နိုင်ငံတကာ အကူအညီတွေ ဝင်ရောက်မှု အားနည်းနေတဲ့အတွက် ဒေသတွင်း ပရဟိတအဖွဲ့တွေနဲ့ ပြည်ပက အလှူငွေတွေကိုသာ အဓိက မှီခိုအားထားနေကြရတာပါ။
ဒါကြောင့် လက်ရှိ အငတ်ဘေးကြုံတွေ့နေရတဲ့ ပြည်သူတွေ စားဝတ်နေရေး ပြေလည်စေဖို့အတွက် ဆန်ကုန်သည်ကြီးတွေအနေနဲ့ ဆန်ဈေးနှုန်းတွေ လျှော့ချရောင်းချပေးကြဖို့ ဒေသခံတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေက တိုက်တွန်းတောင်းဆိုထားကြပါတယ်။
ကေခိုင်











