ကော့စတာရီကာ သမ္မတ လော်ရာ ဖာနန်ဒက်ဇ်ဟာ အယ်လ်ဆာဗေးဒိုး သမ္မတ နာယစ်ဘ် ဘူကီလီရဲ့ ထောင်စနစ်ကို နမူနာယူပြီး ဂိုဏ်းဂဏဖွဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု ထိန်းချုပ်ရေးထောင် (CACCO) လို့ခေါ်တဲ့ လုံခြုံရေးအမြင့်ဆုံးအဆင့်ရှိ ဧရာမအကျဉ်းထောင်ကြီး တည်ဆောက်ရေးကို အဓိကဦးစားပေး ဆောင်ရွက်နေပါတယ်။
စန်ဟိုဆေးရဲ့ အနောက်မြောက်ဘက် ၁၂ မိုင်အကွာ အာလာဟွဲလာပြည်နယ်မှာ တည်ဆောက်နေတဲ့ အကျဉ်းထောင်ကြီးရဲ့ အကျဉ်းခန်း၊ လျှောက်လမ်း၊ အိမ်သာနဲ့ လုံခြုံရေးစနစ်တွေကို ဆက်လက် ဆောက်လုပ်နေဆဲဖြစ်ကြောင်း ဇူလိုင်လက တရားရေးဝန်ကြီးဌာန ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။
လက်ရှိ ၈၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တဲ့ ဒီထောင်ဟာ အကျဉ်းသား ၅,၀၀၀ ဆံ့မှာဖြစ်ပြီး နိုင်ငံအကျဉ်းသား စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
ဒီစီမံကိန်းဟာ အင်မတန် အန္တရာယ်များတဲ့ အကျဉ်းသားတွေကို သီးသန့်ချုပ်နှောင်ထားဖို့နဲ့ ထောင်ထဲကနေ အမိန့်ပေး ခြယ်လှယ်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လှုပ်ရှားမှုတွေကို အမြစ်ဖြတ်ဖို့ ရည်ရွယ်တာပါ။
ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ဒီအစီအစဉ်ကို ထောက်ခံခဲ့ပြီး မဲအနိုင်ရရှိခဲ့တဲ့ ဖာနန်ဒက်ဇ်က “ထောင်ထဲကနေ ဂိုဏ်းတွေကို ဆက်လက်ကြိုးကိုင်နေတဲ့ ရာဇဝတ်သားတွေကို ကော့စတာရီကာအနေနဲ့ ခိုလှုံခွင့်၊ အစားအသောက်နဲ့ အကာအကွယ်တွေ ဆက်ပေးမထားသင့်တော့ဘူး” လို့ ပြောပါတယ်။
ဇန်နဝါရီလ ပန္နက်တင်ပွဲကို တက်ရောက်ခဲ့တဲ့ အယ်လ်ဆာဗေးဒိုး သမ္မတ ဘူကီလီ ကလည်း အယ်လ်ဆာဗေးဒိုးမှာ လွန်ခဲ့တဲ့နှစ်တွေက ကြုံတွေ့ခဲ့ရသလို အခြေအနေဆိုးမသွားခင် ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ကော့စတာရီကာမှာ အခွင့်အရေးရှိတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လူ့အခွင့်အရေးကျွမ်းကျင်သူ လေ့လာသုံးသပ်သူ မာကိုဖီအိုလီ ကတော့ ဒါဟာ အယ်လ်ဆာဗေးဒိုးရဲ့ “ဟန်ပြစနစ်” ကို အားကျတာဖြစ်ပြီး ကော့စတာရီကာမှာ အန္တရာယ်များတဲ့ Mara ဂိုဏ်းကြီးတွေ မရှိတာကြောင့် ပကတိအခြေအနေခြင်း မတူဘူးလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကို လူသိရှင်ကြား ချပြတာဟာလည်း အရှက်ရစေရုံကလွဲလို့ သီးသန့်လုံခြုံရေး ရည်ရွယ်ချက် မရှိဘူးလို့ သံသယရှိခဲ့ပါတယ်။
ပြည်သူတွေရဲ့ သဘောထားကတော့ နှစ်ခြမ်းကွဲနေပါတယ်။ ဒေသခံတချို့က တည်ငြိမ်ရေးအတွက် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေကို ထောက်ခံကြပေမဲ့ တချို့ကတော့ ထောင်စနစ် တင်းကျပ်ရုံနဲ့ ရာဇဝတ်မှု လျှော့ချနိုင်မလား ဆိုတာ မေးခွန်းထုတ်နေကြပါတယ်။
Source: Reuters











