ယူကရိန်း-ပိုလန်နယ်စပ်အနီး ယာဟိုဒင်ဘူတာမှာ စက်တင်ဘာ ၁၃ ရက်က ရုရှားဒရုန်းတစီးဟာ ရထားစက်ခေါင်းကို ထိမှန်ခဲ့ပါတယ်။
အခင်းမဖြစ်မီ ဖြတ်သွားတဲ့ ဥရောပထိပ်တန်းအရာရှိတွေ လိုက်ပါလာတဲ့ သံတမန်ရထားတစီး ကတော့ ကပ်လွတ်သွားခဲ့ပါတယ်။
တိုက်ခိုက်ခံရတဲ့ ရထားပေါ်က ခရီးသည်တွေကို ဒရုန်းမရောက်ခင် ကယ်ထုတ်ထားနိုင်ခဲ့လို့ ထိခိုက်သေဆုံးသူ မရှိခဲ့ပါဘူး။
“ရုရှားဒရုန်းရဲ့ တကယ့်ပစ်မှတ်ဟာ အချိန်ဇယားထက် စောထွက်သွားတဲ့ သံတမန်ရထား ဖြစ်နိုင်ခြေ အင်မတန်မြင့်မားတယ်” လို့ ယူကရိန်းမီးရထားအာဏာပိုင်အဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဲဒီသံတမန်ရထားပေါ်မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘောရစ်ဂျွန်ဆင်၊ ဆွီဒင်ဝန်ကြီးချုပ်ဟောင်း ကားလ်ဘီလ်နဲ့ ဥရောပနိုင်ငံတွေက လုံခြုံရေးအကြံပေးတွေ လိုက်ပါလာတာပါ။
သူတို့ဟာ ကိယက်ဗ်မြို့က Yalta European Strategy ညီလာခံကနေ ပြန်လာတာဖြစ်ပြီး ရုရှားအန္တရာယ်ကြောင့် ယာဟိုဒင်ဘူတာကနေ မူလအချိန်ထက် စောထွက်ခဲ့ပါတယ်။
CIA ညွှန်ကြားရေးမှူးဟောင်း ဒေးဗစ် ပက်ထရေးယပ်စ် လိုက်ပါလာတဲ့ တခြားရထားတစီးလည်း ဒရုန်းတိုက်ခိုက်ချိန် ယာဟိုဒင်ဘူတာမှာ ရှိနေခဲ့ပါတယ်။
အဲဒီနေ့ အစောပိုင်းမှာလည်း ပိုလန်နယ်စပ်က ၁ ကီလိုမီတာမပြည့်တဲ့ နေရာမှာ ရုရှားဒရုန်းတစီးက ကုန်တင်ကားကို ထိမှန်ခဲ့လို့ ယာဟိုဒင်-ဒိုရိုဟတ်စ်ခ် နယ်စပ်ဂိတ်ကို ယာယီပိတ်ခဲ့ရပါတယ်။
ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ဒီတိုက်ခိုက်မှုတွေဟာ “ပူတင်ရဲ့ အကြမ်းဖက်မှုက EU နဲ့ NATO ရဲ့ တံခါးဝကို တိုက်ရိုက်လာခေါက်နေပြီ” ဆိုတာ ဖော်ပြနေတာလို့ မှတ်ချက်ပေးပါတယ်။











