DVB Logo
Home
နိုင်ငံတကာ
ရုရှားက ယူကရိန်းကို တရက် ဒရုန်းအစင်း ၁,၀၀၀ ဖြင့် တိုက်ခိုက်ရန် ရည်မှန်း
DVB
·
March 26, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရုရှားနိုင်ငံဟာ ယူကရိန်းကို တကြိမ်တိုက်ခိုက်ရင် ဒရုန်းအစင်းရေ ၁,၀၀၀ အထိ အသုံးပြု တိုက်ခိုက်နိုင်ဖို့ ရည်မှန်းနေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက မတ် ၂၅ ရက်မှာ ရိုက်တာနဲ့ အင်တာဗျူးမှာ ပြောလိုက်ပြီး ယူကရိန်းကလည်း ဒီခြိမ်းခြောက်မှုကို တုံ့ပြန်ဖို့အတွက် ဒရုန်းတွေနဲ့ ကြားဖြတ်ဒရုန်းတွေကို ကိုယ်တိုင် အမြန်တိုးမြှင့် ထုတ်လုပ်နေတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ အစီအစဉ်ဟာ လက်တွေ့မှာ အပြည့်အဝ အကောင်အထည် မဖော်နိုင်သေးပေမဲ့ ဒါဟာ သူတို့ရဲ့ အဓိကပန်းတိုင် ဖြစ်နေတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ယူကရိန်းဘက်ကလည်း တရက်ကို ဒရုန်းနဲ့ ကြားဖြတ်ဒရုန်း အစင်းရေ ၁,၀၀၀ ကျော်မက ထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားသလို ရန်ပုံငွေအခက်အခဲတွေ ပြေလည်သွားရင်တော့ တရက်ကို အစင်းရေ ၂,၀၀၀ အထိ ထုတ်လုပ်နိုင်မဲ့ အလားအလာ ရှိတယ်လို့ ဇလန်းစကီးက ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေရဲ့ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေဟာ မူဝါဒပိုင်းအရ ပြောင်းလဲလာပြီး ဖိအားတွေ လျော့ကျလာတာကို တွေ့ရတယ်လို့လည်း ဇလန်းစကီးက ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ရုရှားဘက်က စစ်ပွဲကို ရပ်တန့်ဖို့ အကြောင်းပြချက်ရှိမှာ မဟုတ်တာကြောင့် ရုရှားရဲ့ တိုက်ခိုက်မှုတိုင်းကို ယူကရိန်းဘက်က ပြန်လည်တုံ့ပြန်သွားမယ်လို့လည်း ဇလန်းစကီးက သတိပေးခဲ့ပါတယ်။

ဒါ့အပြင် အမေရိကန်ဘက်က စစ်ရေးအထောက်အပံ့တွေ ဆက်လက်ရရှိနေဆဲဖြစ်ပြီး ဇလန်းစကီးက သမ္မတ ထရမ့်ပ်နဲ့ သူ့အဖွဲ့ကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ ပက်ထရီယော့ထ် လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ပေးပို့မှုဟာ လုံလောက်မှု မရှိသေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ ထောက်ပံ့မှုတွေသာ ပြတ်တောက်သွားရင် ပြင်းထန်လာတဲ့ တိုက်ခိုက်မှုတွေကို ဘယ်လောက်အထိ တောင့်ခံနိုင်မလဲဆိုတာ စိုးရိမ်မိတယ်လို့လည်း သူက ထပ်လောင်း ပြောပါတယ်။

စစ်ပွဲအစမှာ ယူကရိန်းပြည်သူတွေရဲ့ စိတ်ဓာတ်ခွန်အားဟာ “လူသားတွေနဲ့ တည်ဆောက်ထားတဲ့ ခုခံရေးစစ်ကြောင်း” တခုလို ဖြစ်ခဲ့ပြီး ဒါဟာ နိုင်ငံရဲ့ လုံခြုံရေးအတွက် အာမခံချက်တခု ဖြစ်တယ်လို့ ထုတ်ဖော်ပြောပါတယ်။

အမေရိကန်အနေနဲ့ ယူကရိန်းအရှေ့ပိုင်းဒေသဟာ ယူကရိန်းလုံခြုံရေးအတွက် ဘယ်လောက် အရေးပါတယ် ဆိုတာကို နားလည်စေချင်တယ်လို့လည်း ဇလန်းစကီးက အလေးထား ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013