
စပိန်နိုင်ငံရဲ့မြို့တော် မက်ဒရစ်မြို့လယ်က ပွယ်တာ ဒယ်လ်ဆိုလ်ရင်ပြင်မှာ ဆရာ၊ ဆရာမတွေက လစာ၊ လုပ်ငန်းတာဝန်နဲ့ ရန်ပုံငွေကိစ္စရပ်တွေအတွက် အချိန်အကန့် အသတ်မရှိ သပိတ်မှောက် ဆန္ဒပြပွဲကို အောက်တိုဘာ ၁၄ ရက်က စတင်ခဲ့ကြပြီး၊ ကွန်ပလူတန်စ် တက္ကသိုလ်မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။
ဆန္ဒပြနေတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေအပေါ် ရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး အရေးပေါ် စုံစမ်းစစ်ဆေးဖို့ တောင်းဆိုထားတယ်လို့ မက်ဒရစ်မြို့က ဗဟိုအစိုးရ ကိုယ်စားလှယ် ဖရန်စစ္စကို မာတင်က နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန RNE ကို ပြောပါတယ်။
ထိပ်တိုက်တွေ့ဆုံမှု ရုပ်ပုံတွေက အလွန်ပြင်းထန်တယ်လို့လည်း ပြောပါတယ်။ သမဂ္ဂတွေအနေနဲ့ လစဉ် ယူရို ၆၀၀ ထပ်ဆောင်းရရှိရေး၊ သင်ကြားချိန် လျှော့ချရေးနဲ့ စာသင်ခန်းတခန်းအတွက် ကျောင်းသားဦးရေ လျှော့ချရေးတို့ကို တောင်းဆိုနေပြီး မူလတန်းပြ ဆရာမ အီဇဘယ်လ် ဆန်ဇ်က "ကျမတို့ဟာ စပိန်နိုင်ငံမှာ ကုန်ကျစရိတ် အများဆုံး ဒေသတွေထဲက တခုဖြစ်တဲ့ မက်ဒရစ်မြို့မှာ နေထိုင်ကြပေမဲ့ လစာအနည်းဆုံးရတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်နေပါတယ်" လို့ ပြောပါတယ်။
ဒေသတွင်းက ဆရာ၊ ဆရာမ အယောက် ၆၅,၀၀၀ အနက် ထက်ဝက်နီးပါးဖြစ်တဲ့ (၄၄ ဒသမ ၆ ရာခိုင်နှုန်း) သပိတ်မှောက်ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တယ်လို့ ဒေသဆိုင်ရာအစိုးရက သတင်းထုတ်ပြန် ပါတယ်။
စပိန်နိုင်ငံရဲ့ အကြီးဆုံး အလုပ်သမားသမဂ္ဂ ၂ ခုထဲက တခုဖြစ်တဲ့ ကော်မက်ရှင်းနက်စ် အော့ဘရေ့စ် ကတော့ ဆန္ဒပြပွဲ ပထမနေ့မှာ ပါဝင်သူဦးရေ ၇၀ ရာခိုင်နှုန်း ရှိတယ်လို့ ခန့်မှန်း ဖော်ပြပါတယ်။
Source:Reuters











