DVB Logo
Home
Lead Story
ထရမ့်ပ်အစိုးရရဲ့ မြန်မာ့အရေး မူဝါဒအပြောင်းအလဲက ကပ်ဘေးတခုပါပဲ
DVB
·
October 25, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အုပ်စုကို နှစ်နဲ့ချီပြီး ဖယ်ကြဉ်ထားခဲ့တဲ့ အမေရိကန်အစိုးရဟာ အခုတော့ မူဝါဒတွေပြောင်းပြီး သူတို့နဲ့ စတင်ဆက်ဆံနေပြီဆိုတဲ့သတင်း ပြီးခဲ့တဲ့ညက ထွက်ပေါ်လာပါတယ်။ မကြာသေးခင်က အမေရိကန် ထောက်လှမ်းရေးနဲ့ သုတေသနဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ်ဗန့်စ်ဟာ မြန်မာနိုင်ငံရဲ့ မြို့တော် နေပြည်တော်ကို သွားရောက်ခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတယောက် လွတ်မြောက်ရေး ကူညီပေးဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ သွားခဲ့တာပါ။ (တကယ်လည်း လွတ်မြောက်အောင် လုပ်ပေးနိုင်ခဲ့ပါတယ်)။ ဒါပေမဲ့ အဲဒီခရီးစဉ်မှာ ဗန့်စ်ဟာ မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေနဲ့ တိုက်ရိုက် ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

ဗန့်စ်ဟာ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ အချိတ်အဆက်ရဖို့ အဓိကနေရာကနေ ပါဝင်ခဲ့တယ်လို့ ရိုက်တာသတင်းဌာနကလည်း ထပ်မံဖော်ပြထားပါတယ်။ ဒီခရီးစဉ်မတိုင်ခင်ကတည်းက အမေရိကန် တာဝန်ရှိသူတွေဟာ မြန်မာစစ်ကောင်စီတာဝန်ရှိသူတွေနဲ့ ဂျပန်နိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံခဲ့ကြတယ်လို့ သတင်းရင်းမြစ် အတော်များများက ကျနော့်ကို ပြောပြခဲ့ပါတယ်။

အခု မြန်မာနိုင်ငံရဲ့ သမ္မတလုပ်နေတဲ့ မင်းအောင်လှိုင်ဟာ ၂၀၂၁ ဖေဖော်ဝါရီလမှာ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းခဲ့သူပါ။ ဒါကြောင့် အာရှမှာ အဆိုးရွားဆုံး ပြည်တွင်းစစ်ကြီး ဖြစ်လာခဲ့ပြီး၊ လူပေါင်း တသိန်းလောက် သေဆုံးခဲ့ရသလို နိုင်ငံလည်း ပျက်သုဉ်းလုနီးပါး ဖြစ်ခဲ့ရပါတယ်။ မင်းအောင်လှိုင်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ခံထားရဆဲပါ။ ဒါပေမဲ့ အခုလို မူဝါဒအပြောင်းအလဲတွေလုပ်လာတာကို ကြည့်ရင် အမေရိကန်အနေနဲ့ ဒီပိတ်ဆို့အရေးယူမှုတွေကို ပြန်လည်စဉ်းစားလာနိုင်ခြေ ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် မင်းအောင်လှိုင်အနေနဲ့ သူကျူးလွန်ခဲ့တဲ့ သွေးစွန်းနေတဲ့ ရာဇဝတ်မှုတွေကိုတော့ အလွယ်တကူ ခဝါချပစ်လို့ မရပါဘူး။ အမေရိကန်အစိုးရက ဂျီနိုဆိုက်လို့ သတ်မှတ်ထားတဲ့ ၂၀၁၆-၁၇ ခုနှစ် ရိုဟင်ဂျာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေမှာ သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်တဲ့ စစ်ရေးမူဝါဒတွေကိုလည်း သူကိုယ်တိုင် ကွပ်ကဲနေတာပါ။

စစ်ကောင်စီဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ပိုတိုးလုပ်လာပုံ ရပါတယ်။ ဒီအပတ် အစောပိုင်းက ကျနော်ရေးခဲ့သလိုပဲ၊ “ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ရခိုင်နဲ့ ချင်းပြည်နယ်က အရပ်သားတွေအပေါ် စစ်တပ်က လေကြောင်းကနေ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ပါတယ်။ ဒါကြောင့် တရက်ကို ပျမ်းမျှ အရပ်သား ၄ ယောက်လောက် လေကြောင်းရန်ကြောင့် သေဆုံးခဲ့ရပါတယ်။” စက်တင်ဘာ ၂၉ ရက်ကလည်း လူစည်ကားတဲ့ ဈေးတခုကို ဗုံးကြဲခဲ့လို့ အပြစ်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ရပါတယ်။

မြန်မာစစ်အုပ်စုဟာ အမေရိကန်ဆီကသာမက ထိုင်းနဲ့ မလေးရှားလို ဒေသတွင်း ဒီမိုကရေစီ နိုင်ငံတွေဆီကနေပါ တရားဝင်ဖြစ်မှုကို ပိုရလာတဲ့အတွက် သူတို့ရဲ့ အကြမ်းဖက်မှုတွေကို လျှော့ချဖို့ အကြောင်းပြချက် မရှိသလောက်ပါပဲ။ တကယ်တော့ မလေးရှား ဝန်ကြီးချုပ် အန်နဝါ အီဘရာဟင်ကိုယ်တိုင်က အာဏာရှင်အစိုးရ လက်ထက်မှာ ထောင်ဒဏ်နဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကို နှစ်နဲ့ချီ ခံခဲ့ရသူပါ။ ဒါပေမဲ့ သူဦးဆောင်တဲ့ ဒီမိုကရေစီနိုင်ငံ မလေးရှားက မင်းအောင်လှိုင်ကို ကြိုဆိုလက်ခံခဲ့ပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း မလေးရှားကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်ပြီး၊ ဩဂုတ်လတုန်းက ထိုင်းနိုင်ငံ ခရီးစဉ်အပြီးမှာ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။

အမေရိကန်နဲ့ စစ်ကောင်စီ ဆက်ဆံရေးကောင်းလာတာဟာ မြန်မာပြည်သူတွေအတွက်တော့ သတင်းဆိုးပါပဲ။ အမေရိကန်အတွက်လည်း မဟာဗျူဟာအရ ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ဗန့်စ်နဲ့ တခြား အမေရိကန် တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံမှာ အမြောက်အမြားရှိတဲ့ မြေရှားသတ္တု တွေ ရယူခွင့်ကိစ္စကို မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ဆွေးနွေးခဲ့ကြပုံ ရပါတယ်။ ဝါရှင်တန်အနေနဲ့ မြေရှားသတ္တု ရနိုင်မဲ့ ဘယ်နေရာကိုမဆို လိုက်ရှာနေတာတော့ မဆန်းပါဘူး။ ဘာလို့လဲဆိုတော့ ဒီသတ္တုအများစုကို တရုတ်က ထိန်းချုပ်ထားလို့ပါပဲ။ ပြီးတော့ အီရန်စစ်ပွဲကြောင့် လျော့ကျ သွားတဲ့ ကာကွယ်ရေး လက်နက်တိုက်တွေကို ပြန်ဖြည့်တင်းဖို့နဲ့ နည်းပညာအသစ်တွေအတွက် ဒီသတ္တုတွေက အရမ်းကို အရေးပါနေလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက မြေရှားသတ္တုတွေကို တကယ်လက်ဆုပ်လက်ကိုင် ရလာမဲ့ အခြေအနေမျိုးကို တွေးကြည့်ဖို့တောင် ခက်ပါတယ်။ ဒီသတ္တုမိုင်းတွေဟာ တရုတ်နယ်စပ်နားက ကချင်နဲ့ ရှမ်း/ဝ ပြည်နယ်တွေမှာ ရှိနေတာပါ။ အဲဒီဒေသတွေဟာ စစ်ပွဲတွေဖြစ်နေတဲ့ နေရာတွေဖြစ်ပြီး တရုတ်က ဩဇာအာဏာ အပြည့်အဝ သက်ရောက်နေပါတယ်။ တရုတ်က အဲဒီဒေသက တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ချဖို့ ဖိအားပေးနေပြီး၊ မြေရှားသတ္တု တင်ပို့မှုတွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။ ဒီတင်ပို့မှုတွေက တရုတ်အတွက် အရမ်းအရေးပါတဲ့ အရင်းအမြစ်တွေပါ။ မြန်မာနိုင်ငံမှာ မြေရှားသတ္တုမိုင်း ၆၀၀ လောက် ရှိမယ်လို့ Stimson Center က ခန့်မှန်းထားပါတယ်။

တကယ်လို့ အမေရိကန် ကုမ္ပဏီတွေအနေနဲ့ တနည်းနည်းနဲ့ ဒီတန်ဖိုးကြီး သတ္တုတွေနား ကပ်ခွင့်ရခဲ့ရင်တောင်မှ၊ တကယ့်မြေပြင်မှာ အရမ်းကို ရှုပ်ထွေးခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရမှာပါ။ (ဥပမာ- စစ်အုပ်စုကို တိုက်ခိုက်နေဆဲဖြစ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ထိန်းချုပ်ထားတဲ့ နေရာမှာလည်း မြေရှားသတ္တုတွေ ရှိနေပါတယ်)။ ကုမ္ပဏီတွေအနေနဲ့ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်နဲ့ လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံကြားမှာ ဖြေရှင်းရပါလိမ့်မယ်။ အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံတကာ ရာဇဝတ်ဂိုဏ်းတွေရဲ့ ဗဟိုချက်မ ဖြစ်နေပါပြီ။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့ သူတို့ရဲ့ ဝန်ထမ်းတွေကို တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကနေ ကာကွယ်ပေးရမှာဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး အနာဂတ်ထဲမှာပါ ဝင်ရောက်ပတ်သက်ရတော့မှာ ဖြစ်ပါတယ်။

စစ်အုပ်စုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်တာဟာ သူတို့ကို တရားဝင်ဖြစ်ခွင့် ပေးလိုက်တာပါပဲ။ အခုလို ကမ္ဘာတဝန်းမှာ အာဏာရှင်တွေ အချင်းချင်း ပူးပေါင်းပြီး အောင်ပွဲခံနေချိန်မှာ၊ အာဏာရှင်စနစ်ကို တိုက်ဖျက်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကြီးကို အားပျော့သွားစေပါတယ်။ ဥပမာကောင်း တခုကတော့ အီရန်စစ်ပွဲပါပဲ။ ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်စခန်းတခုကို အီရန်က တိုက်ခိုက်ပြီး အမေရိကန် စစ်သားတွေကို သတ်ဖြတ်နိုင်ခဲ့တာဟာ၊ တရုတ်ရဲ့ ခေတ်မီ ဂြိုဟ်တုပုံရိပ် အချက်အလက်တွေ အကူအညီကြောင့်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

တကယ်တော့ မြန်မာ့ပြည်တွင်းစစ် အစောပိုင်းကာလမှာ တော်လှန်ရေးအင်အားစုတွေ အကြီးအကျယ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အဲဒီလို အခြေအနေဆိုးနေတဲ့ စစ်တပ်ကို သူတို့ရဲ့ အဓိက အာဏာရှင် မဟာမိတ်တွေဖြစ်တဲ့ ဘယ်လာရုစ်၊ တရုတ်၊ အီရန်နဲ့ ရုရှားတို့က နည်းပညာ၊ ထောက်လှမ်းရေး သတင်း၊ ငွေကြေးနဲ့ တခြား အရေးပါတဲ့ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအကူအညီတွေကြောင့်ပဲ စစ်တပ်က စစ်ရေးအသာစီး ပြန်ရသွားသလို၊ အရပ်သားတွေကိုပါ ရမ်းသန်း ဗုံးကြဲခွင့် ရသွားခဲ့တာပါ။

အဲဒီမတိုင်ခင် ၂၀၂၃ နှောင်းပိုင်းကနေ ၂၀၂၄ ခုနှစ်အတွင်းမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို အပြင်းအထန် တိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်တပ်ကို နောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့ပြီး နယ်မြေတွေကို သိမ်းပိုက်ကာ တိုက်ပွဲတွေ ဆက်တိုက် အနိုင်ရခဲ့ပါတယ်။ ဒါဟာ စစ်တပ်ကိုရော ကမ္ဘာကြီးကိုပါ အံ့အားသင့်စေခဲ့ပါတယ်။ စစ်ကောင်စီဘက်က အစုလိုက်အပြုံလိုက် ဘက်ပြောင်းခိုလှုံတာတွေ ရှိခဲ့ပြီး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ တော်လှန်ရေး မဟာမိတ်အဖွဲ့တွေဟာ စစ်တပ်ရဲ့ အမာခံစခန်းတွေအနီးကို တဖြည်းဖြည်း ချဉ်းကပ်လာနိုင်ခဲ့ပါတယ်။ အဲဒီအချိန်က စစ်တပ်ဟာ အသက် ၆၅ နှစ် အရွယ်တွေနဲ့ မသန်စွမ်းသူတွေကိုတောင် စစ်ထဲ အတင်းအကျပ် သွတ်သွင်းခဲ့ရပါတယ်။ စစ်တက္ကသိုလ်တွေမှာလည်း သင်တန်းသား မပြည့်တော့ပါဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ခံတပ်မြို့တော် နေပြည်တော်နားအထိ ကပ်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အင်အားကြီး မဟာမိတ်တွေက လေယာဉ်တွေ၊ ဒရုန်းတွေ၊ လေယာဉ်ဆီနဲ့ တခြားအကူအညီတွေ ထောက်ပံ့ပေးလိုက်တဲ့အခါမှာတော့ စစ်တပ်က ထိုးစစ်ပြန်ဆင်နိုင်ခဲ့ပြီး၊ အခုဆိုရင် တော်လှန်ရေး မဟာမိတ်အဖွဲ့တွေ အတော်လေး အင်အားချည့်နဲ့ သွားခဲ့ရပါပြီ။

အခုလိုအချိန်မှာ စစ်ကောင်စီနဲ့ သွားပြီး ဆက်ဆံတာဟာ အင်အားကြီး အာဏာရှင်တွေကို သူတို့အချင်းချင်း ပူးပေါင်းမှုက အလုပ်ဖြစ်တယ်၊ ဒီမိုကရေစီနိုင်ငံတွေက အလျှော့ပေးရတယ် ဆိုတာကို ပြသလိုက်သလို ဖြစ်နေပါတယ်။ ပြီးတော့ ကမ္ဘာပေါ်မှာ အမှောင်မိုက်ဆုံး နေရာတခုဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ပိုပြီး ဆင်းရဲဒုက္ခရောက်စေပါလိမ့်မယ်။

ဂျော်ရှုအာ ကာလန်ဇစ်

Ref: Genocide Watch

(Genocide Watch ဝက်ဘ်ဆိုက်တွင်   Joshua Kurlantzick ရေးသားထားသည့်  “Trump Administration’s Shift on Myanmar Is Disastrous” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013