DVB Logo
Home
မြန်မာသတင်း
HPBC ကြောင့် အထပ်မြင့်စီမံကိန်းများ ကြန့်ကြာဟု အင်ဂျင်နီယာအသိုက်အဝန်း ပြော
DVB
·
July 6, 2026
Photo: DVB
Photo: DVB
Donate to DVB

အထပ်မြင့်နဲ့ အများပြည်သူသုံး အဆောက်အအုံစီမံကိန်းတွေကို စစ်ဆေးတဲ့ High-Rise and Public Building Projects Committee (HPBC) ရဲ့ လုပ်ငန်းစဉ်တွေကြောင့် စီမံကိန်းခွင့်ပြုချက်ရဖို့ ကြန့်ကြာလာနေသလို အလုပ်လုပ်ရတာလည်း ပိုခက်လာတယ်လို အင်ဂျင်နီယာအသိုက်အဝန်းက ပြောပါတယ်။

HPBC ဟာ အထပ်မြင့်နဲ့ အများပြည်သူသုံး အဆောက်အအုံစီမံကိန်းတွေကို နည်းပညာပိုင်းဆိုင်ရာ ကြီးကြပ်စစ်ဆေးတဲ့ ပညာရှင်အဖွဲ့ဖြစ်ပြီး အဲဒီအဖွဲထဲမှာ ရန်ကုန်စည်ပင်၊ အိုးအိမ်နဲ့ ပြင်ပအင်ဂျင်နီယာတွေ ပါဝင်ပြီး အရင်လူဟောင်းတွေထက် စစ်အာဏာသိမ်းပြီးနောက် အဖွဲ့ဝင်အသစ်တွေနဲ့ ပြန်ဖွဲ့ထားတာလို့ သိရပါတယ်။

အင်ဂျင်နီယာတယောက်က “လက်ရှိ မြန်မာနိုင်ငံမှာ ငလျင်အန္တရာယ်ရှိနိုင်တာမို့ အဆောက်အအုံတွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် စည်းမျဉ်းစည်းကမ်းအတိုင်း တင်းတင်းကျပ်ကျပ် စစ်ဆေးတာကို အင်ဂျင်နီယာတွေဘက်က လက်ခံထားကြပါတယ်၊ ဒါကို ဘယ်သူမှ မငြင်းကြဘူး။ ခုဖြစ်နေတာက ငလျင်ဘေးကြိုတင်ကာကွယ်ရေးထက် ပိုဆိုးနေကြတယ်” လို့ ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ တရှိန်ထိုး တိုးတက်လာတဲ့ ၂၀၁၁ နောက်ပိုင်းကစလို အဆောင်အအုံ တည်ဆောက်ရေးအပိုင်းဟာ လျင်မြန်ခဲ့ပြီး၊ ၂၀၁၆ ခုနှစ်နောက် ယာယီအခိုက်အတန့် လအနည်းငယ် တုံ့ဆိုင်းခဲ့ကာ ထိုနောက်ပိုင်း ပိုမိုမြန်ဆန်လာခဲ့တာရှိပေမဲ့ စစ်အာဏာသိမ်းပြီးနောက်မှာတော့ အထပ်မြင့်အဆောက်အအုံ တည်ဆောက်ရေးတွေက ရပ်တန့်သွားခဲ့ရပါတယ်။

အခုနောက်ပိုင်း စီးပွားရေးအခြေအနေအရ အထပ်မြင့်အဆောက်အအုံတွေ တကျော့ပြန် အရှိန်ပြန်စလာချိန်မှာပဲ HPBC ရဲ့ စစ်ဆေးရေးလုပ်ငန်းစဉ်တွေကြောင့် အရှိန်က တန့်သွားရတယ်လို အထပ်မြင့်စီမံကိန်းတခုမှာ လုပ်ကိုင်နေတဲ့ အင်ဂျင်နီယာတယောက်က ပြောပါတယ်။

“ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး မလိုအပ်ဘဲ ပြန်ပြင်ခိုင်းတာတွေ၊ Comment တွေ အကြိမ်ကြိမ်ပေးပြီး ပြန်တင်ခိုင်းတာတွေကြောင့် Project Timeline တွေ အရမ်းကြာနေတာတော့ အမှန်ပဲ။ စည်းမျဉ်းအတိုင်း စစ်တာကို လက်ခံပါတယ်။ ဒါပေမဲ့ တခါတလေတော့ မလိုအပ်တဲ့ Comment တွေကြောင့် အလုပ်တွေ အရမ်းကြန့်ကြာတယ်။” 

အချို့အင်ဂျင်နီယာတွေကတော့ စစ်ဆေးတဲ့ပုံစံထဲမှာ နည်းပညာပိုင်းထက် လူပုဂ္ဂိုလ်ရေး သဘောထားတွေ ပါဝင်လာတယ်လို့ ခံစားရတဲ့ အခြေအနေတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် HPBC ပါတဲ့ စီမံကိန်းတွေကို Freelance အင်ဂျင်နီယာတချို့က ရှောင်လာကြတဲ့အထိ ဖြစ်နေတယ်လို့ လုပ်ငန်းခွင်ထဲ ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေသူတေယာက်က ပြောပါတယ်။

“HPBC ပါတယ်ဆိုရင် အချိန်ကြာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် အခုနောက်ပိုင်း လုပ်ငန်းမယူချင်တော့တာမျိုးတောင် ဖြစ်လာတယ်။” 

တဖက်မှာတော့ HPBC က အဆောက်အအုံစီမံကိန်းတွေကို စစ်ဆေးရာမှာ Myanmar National Building Code (MNBC 2020) ကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁ ရက်ကတည်းက လိုက်နာဖို့ ညွှန်ကြားထားပြီး၊ MNBC 2025 ကိုလည်း ၂၀၂၅ ခုနှစ် ဇူလိုင် ၁ ရက်ကစပြီး အသုံးပြုဖို့ ထပ်မံညွှန်ကြားထားပါတယ်။

အဲဒီညွှန်ကြားချက်တွေအရ အထပ်မြင့်နဲ့ အများပြည်သူသုံး အဆောက်အအုံစီမံကိန်းတွေကို External Inspection Expert Team (EIET) အပါအဝင် သက်ဆိုင်ရာအဖွဲ့တွေက စိစစ်ဆောင်ရွက်နေပါတယ်။

အင်ဂျင်နီယာတယောက်က “အခုက ပညာရှင်ကြီးတွေပါ စိတ်ညစ် စိတ်ကုန်လာရတဲ့အထိ ဖြစ်လာနေပါတယ်။ တချို့က ပုဂ္ဂိုလ်ရေးအစွဲတွေနဲ့ အလုပ်လုပ်နေကြတယ်လို့တောင် မြင်လာကြပြီ။ HPBC ထဲက လူငယ်ပိုင်းတချို့ကလည်း မလိုအပ်တဲ့ Comment တွေ ပေးပြီး Project Timeline တွေ ကြာအောင် လုပ်နေတယ်လို ဝေဖန်မှုတွေ ရှိပါတယ်။ အခုဆို HPBC ပါတဲ့ အထပ်မြင့်စီမံကိန်းတွေကို မဝင်ချင်လို့ ရှောင်ကြတဲ့ အင်ဂျင်နီယာတွေအထိ ရှိလာပါတယ်” လို့ ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013