
ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ရေးဆွေးနွေးပွဲ ရွှေ့ဆိုင်းနေချိန်မှာပဲ အီရန်ကျောထောက်နောက်ခံ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျကို စက်တင်ဘာ ၁၄ ရက်မှာ ထပ်တိုက်ခိုက်ခဲ့ပါတယ်။
ဆော်ဒီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ တောင်ပိုင်း ခါမစ်မူရှိတ်လေတပ်စခန်းကို ဒုံးကျည်နဲ့ ဒရုန်း ဒါဇင်နဲ့ချီ ပစ်လွှတ်ခဲ့တယ်လို့ ယီမင်နိုင်ငံအခြေစိုက် ဟူသီတွေက ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၁၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ပြောပါတယ်။
ဆော်ဒီနဲ့ ယီမင်လေတပ်တွေကလည်း ဟူသီပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့် ထားပါတယ်။
ယီမင်မှာ ဟူသီအဖွဲ့က မြို့တော် ဆာနာအာနဲ့ ပင်လယ်နီကမ်းရိုးတန်း အများစုကို ထိန်းချုပ်ထားပြီး ဆော်ဒီအာရေဗျက ထောက်ခံထားတဲ့ နိုင်ငံတကာအသိအမှတ်ပြု ယီမင်အစိုးရကတော့ တောင်ပိုင်း အေဒင်မြို့မှာ အခြေစိုက်ထားပါတယ်။
စက်တင်ဘာ ၁၀ ရက်က ဆော်ဒီရဲ့ အရှေ့-အနောက် ရေနံပိုက်လိုင်း တိုက်ခိုက်ခံရမှုအတွက်တော့ အီရတ်မှာ အခြေစိုက်တဲ့ အီရန်ကျောထောက်နောက်ခံ လက်နက်ကိုင်တွေကို ဆော်ဒီက အပြစ်တင်ထားပါတယ်။
ရပ်တန့်နေတဲ့ ဒီပိုက်လိုင်းကို အချိန်ကြာကြာ မဖွင့်နိုင်ရင် ကမ္ဘာ့ရေနံထောက်ပံ့မှု ၄ ရာခိုင်နှုန်းအထိ လျော့နိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းပါတယ်။
စက်တင်ဘာ ၁၄ ရက်မှာ အိုမန်က လက်ခံကျင်းပမဲ့ အီရန်နဲ့ ပင်လယ်ကွေ့နိုင်ငံတွေရဲ့ ဆွေးနွေးပွဲကိုတော့ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဆော်ဒီရဲ့ တောင်းဆိုချက်ကြောင့် ရွှေ့ဆိုင်းခဲ့တယ်လို့ အီရန်က ဆိုပါတယ်။
Source:Reuters











