
လာမဲ့ ၂၀၂၆ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တစ်ပါတီအနေနဲ့ အောက်လွှတ်တော် မှာ အမတ်နေရာ အများစုကို သေချာပေါက် အနိုင်ရမှာဖြစ်သလို အထက်လွှတ်တော်မှာပါ အနိုင်ရဖို့ "အလားအလာ သိပ်ကောင်းနေတယ်" လို့ အမေရိကန် ဒုသမ္မတဟောင်း ကမ်မလာဟားရစ်က အောက်တိုဘာ ၁၄ ရက်မှာ ပြောပါတယ်။
ဒုသမ္မတဟောင်း ဟားရစ်ဟာ ၂၀၂၈ သမ္မတရာထူးအတွက် ထပ်မံယှဉ်ပြိုင်ဖို့ စဉ်းစားနေဆဲ ဖြစ်သလို လက်ရှိမှာလည်း ကြားဖြတ်ရွေးကောက်ပွဲဝင်မဲ့ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေ အတွက် မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေကို အချိန်ပြည့် လှည့်လည် ကူညီပေးနေတာပါ။
ဟားရစ်က "ကျမတို့မှာ အတားအဆီး အများအပြားနဲ့ ရင်ဆိုင်နေရပေမဲ့ ဒီမိုကရက်တစ်ပါတီ ကတော့ အနိုင်ရမှာပါ။ အောက်လွှတ်တော်မှာ အနိုင်ရမယ်ဆိုတာ သေချာသလောက် ရှိနေပြီး အထက် လွှတ်တော်မှာလည်း အနိုင်ရဖို့ အခွင့်အလမ်း အလွန်ကောင်းမွန်တယ်လို့ ထင်ပါတယ်။ နေ့စဉ် ရက်ဆက်ဆိုသလို အထက်လွှတ်တော်မှာပါ အနိုင်ရနိုင်တယ်လို့ တွေးမိစေတဲ့ အကြောင်းရင်းသစ်တွေ ပေါ်ပေါက်လာနေပါတယ်" လို့ ဆိုးလ်မြို့ရှိ တောင်ကိုရီးယား အာဆန် မူဝါဒလေ့လာရေးဌာနမှာ ပြုလုပ်တဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ ပြောကြားခဲ့ပါတယ်။
၂၀၂၈ ခုနှစ်မှာ သမ္မတနေရာအတွက် ထပ်မံယှဉ်ပြိုင်ဦးမလားလို့ မေးမြန်းရာမှာတော့ အဲဒီကိစ္စကို စဉ်းစားနေဆဲဖြစ်ပြီး အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ဖြေကြားခဲ့ပါတယ်။
Source:Reuters











