DVB Logo
Home
မြန်မာသတင်း
ပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးမှုများကြောင့် မလေးရှားရောက်မြန်မာများ စိုးရိမ်
DVB
·
October 8, 2026
Photo : DVB
Photo : DVB
Donate to DVB

မလေးရှားနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းလုပ်သားတွေဟာ လက်ရှိမှာ အော်ပရာစီလို့ခေါ်တဲ့ ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးမှုတွေ ကြောင့် နေ့စဉ်နဲ့အမျှ ထိတ်လန့်ကြောက်ရွံ့စွာ ရှင်သန်နေရပါတယ်။

မလေးရှားအာဏာပိုင်တွေဟာ ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားသား တရားမဝင်နေထိုင်သူတွေကို အော်ပရာစီ စစ်ဆင်ရေးတွေနဲ့ အရှိန်အဟုန်မြှင့် ဖမ်းဆီးနေတာပါ။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ပထမ ၉ လတာ ကာလ အတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ အော်ပရာစီပေါင်း ၁၀,၄၁၉ ခု လုပ်ဆောင်ခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၆၀,၈၈၉ ယောက်ကို ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ်အတွင်း မလေးရှားအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံသားတွေလို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ တွေက ဆိုပါတယ်။

မြန်မာ့အလုပ်သမားရေးရာနှင့် ဒုက္ခသည်အဖွဲ့မှ ကိုမင်းထိုက်က “အဖမ်းအဆီးက ခုချိန်ထိကို မရပ်ဘူး။ အရမ်းကို ပြင်းပြင်းထန်ထန် ဖမ်းဆီးနေပါတယ်။ ပြည်နယ်တိုင်း၊ မြို့နယ်တိုင်း နေရာအနှံ့အပြား လုပ်ငန်းစုံ ညဈေးတွေကအစ ဝင်ဖမ်းတယ်။ လူဝတ်စုံနဲ့ဖမ်းဆီးတာတွေ၊ နေရာအစုံပေါ့နော်၊ အလုပ်ဆိုဒ်တွေ၊ ဆောက်လုပ်‌ရေးဆိုဒ်တွေ၊ ပြီးရင် စက်ရုံတွေ အစုံပေါ့၊ မြန်မာနိုင်ငံသားတွေမကဘူး အကုန်လုံးနိုင်ငံခြားသားတိုင်းပဲ အကုန်လုံးက လုံခြုံမှုမရှိတော့ဘူး။ ဒီနိုင်ငံမှာ UN ကတ် ကိုင်ဆောင်ထားတဲ့သူတွေဆိုရင်တောင် အခု တရားရုံး စတင်နေပါပြီ။ ဒဏ်ကြေးဆောင်နိုင်ရင် ထောင်ဒဏ်မကျတော့ဘူး။ ဒဏ်ကြေးမဆောင်နိုင်ဘူးဆိုရင် ထောင်ဒဏ် ကျပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ အေဂျင်စီတွေရဲ့ လိမ်လည်မှုတွေကြောင့် အထောက်အထားမဲ့ အလုပ်လုပ် နေရတဲ့ မြန်မာလုပ်သားတွေ ပိုများလာနေပြီး ဖမ်းဆီးခံရတဲ့အခါမှာလည်း ဥပဒေအရ အရေးယူမှု တွေကို ပြင်းထန်စွာ ခံနေရတယ်လို့ ဆိုပါတယ်။

အော်ပရာစီ ဖမ်းဆီးမှုဖြစ်စဉ်တွေမှာ ရိုက်နှက် ဖမ်းဆီးတာတွေလည်း ရှိနေတဲ့အတွက် ဖမ်းဆီးခံရတဲ့ တချို့ကလေးငယ်တွေဆိုရင် စိတ်ဒဏ်ရာ ရရှိမှုတွေလည်း ရှိနေတယ်လို့ မလေးရှားရောက် မြန်မာ တယောက်က ပြောပါတယ်။

“နေ့တိုင်း ဖမ်းဆီးမှုရှိပါတယ်။ ဖမ်းဆီးမှုကြီးတွေ လုပ်ပြီးဆိုတဲ့အခါကျရင် မြန်မာတွေက နီးစပ်ရာ ရေမြောင်းတွေ၊ တောထဲတွေ၊ တောင်ကုန်းပေါ်တွေ၊ တိုက်နံရံတွေ၊ တိုက်နံရံတွေက တွယ်တက်ပြီး တော့ ခေါင်မိုးတွေ၊ ပြီးတော့ ထပ်ခိုးတွေပေါ့နော်။ အဲဒီလို ပုန်းကွယ်နေရတဲ့ အနေအထားတွေမှာ တချို့ကလေးငယ်တွေဆိုရင် ပြောရရင် ဒီ စိတ်ဝေဒနာပါရသွားတဲ့ အနေအထားတွေက အများကြီးပေါ့နော်။ ဒါတွေက ကျနော်တို့ နိစ္စဓူဝ ကြုံနေရတာဖြစ်တယ်။ ပြီးတော့ အခု စစ်တပ်နဲ့ သဘောတူညီထားတာ လူ ၅၀,၀၀၀ ပြည့်အောင် ပြန်ပို့မယ်ဆိုတော့ အခုက ပိုပြီးတော့ များနေတဲ့ အနေအထားမျိုး ရှိပါတယ်။”

လက်ရှိမှာတော့ မလေးရှားရောက် မြန်မာလုပ်သားတွေဟာ စစ်မှုထမ်းရမှာကို ကြောက်သလိုပဲ မြန်မာပြည်ရဲ့ လုံခြုံရေးအခြေအနေကြောင့်လည်း အိမ်မပြန်ရဲကြပါဘူး။

ဒါပေမဲ့ တဖက်မှာလည်း မလေးရှားနိုင်ငံမှာ အော်ပရာစီ ဖမ်းဆီးမှုတွေကြောင့် နေ့စဉ်နဲ့အမျှ ကြောက်စိတ်တွေနဲ့  ဖြတ်သန်းနေရပါတယ်လို့ မလေးရှားရောက် မြန်မာလုပ်သားတယောက်က ပြောပါတယ်။

“ကျနော်တို့အတွက် ဘယ်နေရာမှ လုံခြုံမှုမရှိပါ။ ဖမ်းဆီးခံရပြီးတော့ မြန်မာကိုပြန်ပို့ပြီး စစ်မှုထမ်းထဲ ဆွဲခေါ်မှာလည်း ကြောက်ရ၊ နေခဲ့တဲ့ရွာမှာဆိုလည်း နေ့စဉ်နဲ့အမျှ စစ်တပ်က လေကြောင်းဗုံးကြဲနေလို့ ကြောက်ရ၊ ခု မလေးရှားမှာလည်း တရားဝင်အထောက်အထားတွေမရှိလို့ နေ့စဉ်နဲ့အမျှ ကြောက်စိတ်နဲ့ ရှင်သန်နေရတာပါပဲ။ ပြီးရင် ခုက အရပ်ဝတ်နဲ့လာပြီး အော်ပရာစီ ဖမ်းတာ များပါတယ်။ ခုအသစ်ရောက်လာတဲ့သူဆိုရင် ပတ်စပို့စ်စာအုပ်တွေလည်း လုပ်လို့ မရတော့ဘူး။ မလေးရှားမှာက ထိုင်းလိုမျိုး တရားဝင်ဗီဇာပေးတာလည်း မရှိတော့ အထောက်အထားမဲ့တွေ များကုန်တာပေါ့နော်။ ကျနော်တို့ တောင်းဆိုချင်တာက မလေးရှား အစိုးရကို ဒီ တရားဝင်နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ ပေးစေချင်တာပါပဲ။”

ဒါကြောင့် မလေးရှားအစိုးရအနေနဲ့ တရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထား တွေကို လူသားချင်း စာနာထောက်ထားပြီး ပေးအပ်ပေးဖို့ မလေးရှားရောက် မြန်မာလုပ်သားတွေက တောင်းဆိုနေကြတာပါ။

ကမ္ဘာ့ဘဏ်က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်း တွေက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မလေးရှားနိုင်ငံမှာ တရားဝင်ရော၊ တရားမဝင်ပါ ရောက်ရှိ နေတဲ့ မြန်မာလူဦးရေ ၈ သိန်း ဝန်းကျင်ရှိပြီး ဒုက္ခသည်ဦးရေကတော့ ၁၉၀,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013