
အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် မြန်မာပြည်တွင်းမှာ စက်သုံးဆီသုံးစွဲမှု အခက်အခဲ မဖြစ်ပေါ်အောင် စောင့်ကြည့် ထိန်းကျောင်းပေးနေတယ်ဆိုပေမဲ့ လာမဲ့ ရက်သတ္တပတ်ကစပြီး စက်သုံးဆီတွေကို စက်စွမ်းအားပေါ်မူတည်ကာ တပတ်ကို တကြိမ် ဒါမှမဟုတ် ၂ ကြိမ်သာ ရောင်းချပေးသွား တော့မယ်လို့ စစ်ကောင်စီက မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
လာမဲ့ ရက်သတ္တပတ်ကစပြီး ယာဉ်ရဲ့ စက်စွမ်းအားအပေါ် မူတည်ကာ တပတ်အတွင်း ဝယ်ယူခွင့်ရှိတဲ့ ဆီပမာဏကို သတ်မှတ်ပြီး တပတ်အတွင်း တကြိမ်တည်းဖြစ်စေ၊ အများဆုံး ၂ ကြိမ်ခွဲပြီးဖြစ်စေ ဝယ်ယူနိုင်မဲ့စနစ်ကို Barcode နဲ့ QR Code စနစ်အတွင်း ထည့်ပြီး စတင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီယန္တရားဖြစ်တဲ့ အစိုးရရုံးဝန်ထမ်းတွေ အနေနဲ့လည်း မတ် ၂၅ ရက်ကစပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း သက်ဆိုင်ရာရုံးဌာနတွေဆီကို ရုံးသွားမတက်ရဘဲ နေအိမ်ကနေ ရုံးလုပ်ငန်းတွေကို ဆောင်ရွက်ရမယ်လို့လည်း မတ် ၂၂ ရက်မှာ တဆက်တည်း ကြေညာလိုက်ပါတယ်။
ပုဂ္ဂလိက အလုပ်ဌာနတွေ အနေနဲ့လည်း အစိုးရရုံးတွေနည်းတူ work from home ကို အတတ်နိုင်ဆုံး ဆောင်ရွက်သွားရမယ်လို့လည်း ဆိုထားပါတယ်။
ရက် ၅၀ စာ စက်သုံးဆီ သိုလှောင်ထားပြီး ပုံမှန်တင်သွင်းနေတဲ့ လမ်းကြောင်းတွေအပြင် တခြားလမ်းကြောင်းတွေကနေလည်း တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ ဒီမတိုင်ခင်မှာ ယာဉ်တွေကို စုံ၊ မ နံပါတ်ခွဲပြီး အသုံးပြုတဲ့စနစ်နဲ့ ဆီဝယ်ယူတဲ့ စနစ်တွေကိုလည်း သတ်မှတ် လုပ်ဆောင်ခဲ့ပါသေးတယ်။











