ဂျပန်နိုင်ငံအနောက်ပိုင်း မိုတိုစုမြို့က ကိတ်မုန့်ဆိုင်နဲ့ ဆက်စပ်နေတဲ့အိမ်မှာ စက်တင်ဘာ ၅ ရက်က သံသယဖြစ်စရာ ဓားထိုးမှုနဲ့ မီးရှို့မှုကြောင့် လူ ၃ ယောက် သေဆုံးခဲ့ပါတယ်။
စနေနေ့ည ၉ နာရီလောက်မှာ အဆောက်အအုံထဲက လူတယောက်ဟာ အရေးပေါ်ဌာနတွေဆီ ဖုန်းခေါ်ဆိုခဲ့ပြီး လူတယောက် ဓားထိုးခံရတယ်၊ ဓာတ်ဆီလောင်းခံရလို့ မီးလောင်နေတယ်လို့ ပြောခဲ့တဲ့အကြောင်း ဒေသခံမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
လူ ၂ ယောက်ကို မှုခင်းဖြစ်တဲ့ နေရာမှာ သေဆုံးလျက်သား တွေ့ရပြီး တတိယတယောက်ကတော့ ဆေးရုံပို့အပြီး နောက်ပိုင်းမှာ သေဆုံးသွားတယ်လို့ ဂျပန်ရုပ်သံ NHK က ဖော်ပြပါတယ်။
အသက် ၆၆ နှစ်အရွယ် ဆိုင်ပိုင်ရှင် အပါအဝင် နောက်ထပ်လူနှစ်ယောက် ဆေးကုသမှု ခံယူနေရတယ်လို့ NHK က ပြောပါတယ်။
မီးရှို့ခံ အဆောက်အအုံထဲမှာ အမျိုးသမီးတယောက်က အသိမိတ်ဆွေ ၁၀ ယောက်နဲ့အတူ ပွဲတခု ကျင်းပနေချိန်မှာ မီးလောင်မှုဖြစ်ခဲ့တာလို့ ကျိုဒို သတင်းဌာနက ထုတ်ပြန်ပါတယ်။
တရားခံဟာ ပွဲကို လာတက်တဲ့လူတွေထဲက တယောက်ဖြစ်တယ်လို့ ရဲတွေက သံသယရှိထားပါတယ်။ ဒီအမှုကို လူသတ် မီးရှို့မှုအဖြစ် စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











