ကျောင်းဖွင့်ရာသီနီးချိန်မှာ ကျောင်းသုံးဗလာစာအုပ်နဲ့ စာရေးကိရိယာဈေး ကြီးမြင့်ပြီး ဝယ်ယူရ ခက်တဲ့အတွက် ကလေးတွေ ကျောင်းထားဖို့ကို အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
မေလကုန်လို့ ဇွန်လကူးရင် မြန်မာနိုင်ငံရဲ့ ကျောင်းဖွင့်ရာသီ ရောက်ပါပြီ။ အဲဒီအချိန်မှာ တော်လှန်ရေးနယ်မြေက ကျောင်းတွေ အများစုရော၊ စစ်အာဏာရှင်လက်အောက်က ကျောင်းတွေ ပါ ပြန်ဖွင့်ကြပါပြီ။
ပုံမှန်ဆိုရင် ကျောင်းဖွင့်ရာသီ မတိုင်ခင်မှာ မိဘတွေဟာ ကျောင်းတက်မဲ့ သားသမီးအတွက် ကျောင်းသုံးပစ္စည်းတွေ တတ်နိုင်သလောက် ဝယ်ယူတတ်ကြပေမဲ့ လက်ရှိမှာတော့ အခက်အခဲတွေ ဖြစ်နေပါတယ်။
ကလေးတွေရဲ့ စာသင်ကြားရာမှာ အဓိက အသုံးပြုနိုင်တဲ့ ဗလာစာအုပ် တဒါဇင် ပေါက်ဈေးဟာ လက်ရှိမှာ ကျပ် ၂၀,၀၀၀ ကျော် အထက်မှာ ရှိပါတယ်။
ဘောပင်တချောင်းရဲ့ တန်ဖိုးဟာလည်း ကျပ် ၇၀၀ ဝန်းကျင် ရှိသလို ခဲတံတချောင်းရဲ့ တန်ဖိုးကတော့ ကျပ် ၁,၀၀၀ ဝန်းကျင်အထိ ဈေးကွက်ထဲမှာ ပေါက်ဈေးရှိနေပါတယ်။
အဲဒီပေါက်ဈေးတွေဟာ ရန်ကုန်မြို့လို မြို့ပြတွေမှာ ပေးရတဲ့ ဈေးနှုန်းတွေဖြစ်ပြီး နယ်မြို့တွေနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသတွေမှာတော့ ပိုပြီးတော့ ဈေးများတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။
စာရေးကိရိယာတွေတင် ဈေးမြင့်တာမဟုတ်ဘဲ ကုန်ဈေးနှုန်း ကြီးမြင့်တာနဲ့အတူ ကလေးတွေ အသုံးပြုတဲ့ လွယ်အိတ်၊ ထမင်းချိုင့်၊ ရေဘူး၊ ကွန်ပါဘူးတွေရဲ့ ဈေးနှုန်းတွေဟာလည်း တနေ့တခြား ပိုပြီး ဈေးတက်လာပါတယ်။
ကျောင်းသားမိဘတွေ အနေနဲ့ ကလေးတွေ ကျောင်းထားဖို့ ငွေကြေးမတတ်နိုင်တဲ့အတွက် ကျောင်းမှာ အဓိကလိုအပ်တဲ့ စာရေးကိရိယာကလွဲလို့ တခြားအသုံးအဆောင်တွေကို မဝယ်ပေးနိုင် ကြဘူးလို့ ဆိုပါတယ်။
ကျောင်းသားမိဘတယောက်က “သင်တာက ၆ ဘာသာပေါ့၊ ၆ ဘာသာဆို စာအုပ်က သူ့အလိုက် အကုန်ထုတ်ရမှာပေါ့။ ကျောပိုးအိတ်တလုံးကို ၄ သောင်း ၅ သောင်း အဲဒီလောက်ရှိတယ်။ အစိုးရကျောင်းဆိုရင်တော့ ပုံနှိပ်စာအုပ်တော့ ပေးမှာပေါ့၊ အင်္ကျီလေး ဘာလေးတော့ ပေးမှာပေါ့။ ကျန်တာတော့ ကိုယ့်ဘာကိုယ် ဝယ်ပေါ့။ တော်တန်ရုံ မဝယ်ပေးနိုင်တဲ့ မိဘကျတော့လည်း အရင်နှစ်ကဟာလေးတွေ အဟောင်းလေးတွေပေါ့လေ၊ အင်္ကျီတွေ ဘာတွေကျတော့လည်း ထပ်မဝယ်ရတော့ဘူးလေ။ စာအုပ်ဈေးကလည်း ကြောက်စရာပဲလေ၊ အညံ့စားတောင်လေ ၂,၀၀၀ နီးပါး ဖြစ်နေပြီ ဆိုတော့လေ” လို့ ပြောပါတယ်။
မြို့ပြက ကျောင်းသားမိဘတွေအတွက် စာရေးကိရိယာ ဈေးနှုန်းကြီးမြင့်တဲ့ အခြေအနေကို ရင်ဆိုင် ရသလို စစ်ရေးအခြေအနေ မတည်ငြိမ်တဲ့ ဒေသတွေမှာတော့ ဈေးနှုန်းကြီးမြင့်တာ အပြင် ဝယ်ယူလို့ မရတဲ့ အခက်အခဲပါ ရှိနေတယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ဒေသတွေကို စာရေးကိရိယာတွေ သယ်ယူတဲ့အခါ စစ်ကောင်စီ ဂိတ်တွေကို ဖြတ်သန်းရပြီး သိမ်းယူမှုတွေ ရှိတယ်လို့ သိရပါတယ်။
သိမ်းဆည်းခံရတာကြောင့် မှောင်ခိုသယ်ဆောင်ကြရတာရှိသလို အသိမ်းမခံနိုင်တဲ့ ကုန်သည်တွေက တော့ စစ်တပ်ဂိတ်တွေကို လာဘ်ထိုးပြီး သယ်ယူရတဲ့အတွက် စာရေးကိရိယာတွေကို ဈေးတင်ပြီး ရောင်းကြရတယ်လို့ ဆိုပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးနယ်မြေမှာ နယ်ထိုင်ကြရတဲ့ ပြည်သူအများစုဟာ စစ်ဘေးရှောင်တွေ ဖြစ်ကြပြီး စားဝတ်နေရေးအတွက် ရုန်းကန်နေရတဲ့ ကြားထဲမှာ ကလေးတွေ ပညာဆက်သင်နိုင်ဖို့ မတတ်နိုင်တဲ့ အခြေအနေဖြစ်လို့ အကူအညီပေးရေး အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေး နေတယ်လို့ ဂန့်ဂေါမြို့နယ်က ပညာရေးတာဝန်ခံက ပြောပြပါတယ်။
“မိဘတွေအနေနဲ့ စိန်ခေါ်မှုကတော့ အမျိုးမျိုးပဲ၊ ကျောင်းသူ ကျောင်းသားတွေအတွက် စာရေး ကိရိယာ ဝယ်ယူဖို့ အတော်လေးကို အားစိုက်ထုတ်ရတယ်။ သူတို့ရဲ့ဝင်ငွေနဲ့ မကာမိအောင်၊ တချို့ ဆင်းရဲတဲ့ မိသားစုတွေဆိုရင် အတော်လေး အခက်တွေ့ရတယ်။ မြို့နယ်အုပ်ချုပ်ရေး ပညာရေးအဖွဲ့ တွေ အနေနဲ့ကတော့ အလှူရှင်တွေ ရှာပြီးတော့မှ စစ်ဘေးရှောင်တွေဆီကို အလှူငွေတွေပို့၊ စာရေးကိရိယာတွေ ငွေကြေးအလှူငွေ ရှာပေးတာတို့ စသဖြင့် လုပ်ပေးတာပေါ့။”
ဒါ့အပြင် အဖွဲ့အစည်းတွေက ပေးနေတဲ့ အကူအညီတွေဟာလည်း လုံလောက်မှုမရှိတဲ့အတွက် တချို့ကလေးတွေက ကျောင်းမတက်နိုင်တော့တဲ့ အခြေအနေတွေ ရှိနေတယ်လို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက ဆက်ပြောပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့ ကျေးရွာတွေကို ကျောင်းနေအရွယ် ကလေးငယ်တွေဟာ စာရေးကိရိယာ မဝယ်ယူနိုင်တဲ့ အခက်အခဲအပြင် စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု၊ စစ်ကြောင်းထိုး ဝင်ရောက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပညာသင်ကြားဖို့အတွက် အခက်အခဲတွေကို ရင်ဆိုင်နေကြရ ပါတယ်။
သီရိ










