
စပိန်နိုင်ငံ ကတ်တလိုနီးယားဒေသ တာရာဂိုနာမြို့မှာ အောက်တိုဘာ ၄ ရက်က ကမ္ဘာ့အကြီးဆုံး လူသားမျှော်စင်ပြိုင်ပွဲ ကျင်းပခဲ့ပြီး လူထောင်ပေါင်းများစွာ လာရောက်ကြည့်ရှုခဲ့ပါတယ်။ နှစ် ၃၀ ပြည့် ကျင်းပတဲ့ ဒီပြိုင်ပွဲမှာ ကတ်တလိုနီးယားဒေသရဲ့ ထိပ်တန်းကက်စ်တဲယားစ် လူသား မျှော်စင်အဖွဲ့ ၁၂ ဖွဲ့ ပါဝင်ခဲ့ပါတယ်။
လူဒါဇင်ပေါင်းများစွာက အောက်ခြေမှာ အင်အားခံပြီး ကျန်အဖွဲ့ဝင်တွေက တဆင့်ပြီးတဆင့် အပေါ်ကို တက်ကာ လူသားမျှော်စင် တည်ဆောက်ကြပါတယ်။
မျှော်စင်အောင်မြင်ချိန်မှာ ပရိသတ်တွေ အားပေးခဲ့ကြသလို တချို့မျှော်စင်တွေ ပြိုကျချိန်မှာလည်း ရင်တမမ ဖြစ်ခဲ့ကြပါတယ်။
ဒီရိုးရာမှာ ကလေးတွေက အရေးပါတဲ့အခန်းကဏ္ဍက ပါဝင်ပြီး မျှော်စင်ရဲ့ အမြင့်ဆုံးနေရာအထိ တက်ကြရပါတယ်။
ကက်စ်တဲယားစ် ဒီဂွါလာဒါအဖွဲ့ရဲ့ ကလေးအဖွဲ့ခေါင်းဆောင် ဂျူလီယာ ကော်စတာက “ကလေးတွေ ဟာ ကက်စတယ်ယားစ် ရိုးရာရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းပါ” လို့ ပြောပါတယ်။
ဒီလှုပ်ရှားမှုက ခွန်အား၊ အဖွဲ့လိုက်ပူးပေါင်းမှုနဲ့ စိတ်တည်ငြိမ်မှုကို သင်ပေးတယ်လို့ ပါဝင်သူတွေက ဆိုပါတယ်။
အိန္ဒိယကနေ လာရောက်ကြည့်ရှုတဲ့ အသက် ၂၁ နှစ်အရွယ် အဘီရှက် ဆာလာဗ်ကာက ဒီပွဲကို ကြည့်ရတာ ငယ်ဘဝအိပ်မက်တခု ပြည့်မြောက်တာလို့ ပြောပါတယ်။
ကတ်တလန်ဘာသာနဲ့ Castells လို့ခေါ်တဲ့ ဒီလူသားမျှော်စင်ရိုးရာကို ၂၀၁၀ ခုနှစ်မှာ ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
Source: Reuters











