တော့တင်ဟမ်စပါးအသင်း နောက်ခံလူ မစ်ကီဗန်ဒီဗင်က အသင်းအနေနဲ့ ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်ကျမှ တန်းဆင်းဇုန်ကနေ သီသီလေး လွတ်မြောက်ခဲ့ရတာဟာ အသင်းကြီးတသင်းအတွက် "အရှက်ရစရာ" ဖြစ်ပြီး လက်ခံနိုင်စရာ မရှိဘူးလို့ ပွင့်ပွင့်လင်းလင်း ဝေဖန်လိုက်ပါတယ်။
သောမတ်စ် ဖရန့်ခ်၊ အီဂေါ တူဒေါတို့လို နည်းပြတွေကို ထုတ်ပယ်ခဲ့ရတဲ့ စပါးဟာ နောက်ဆုံးပွဲမှာ အဲဗာတန်ကို (၁-၀) ဂိုးနဲ့ ကပ်နိုင်ပြီးမှ ပရီးမီးယားလိဂ်မှာ ဆက်ရှိခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ပွဲမှာ ပါလင်ညာရဲ့ တလုံးတည်းသော သွင်းဂိုးကြောင့် စပါးတို့ သက်ပြင်းချနိုင်ခဲ့ပေမဲ့ ဗန်ဒီဗင်ကတော့ အသင်းမှာ အဆင့်မြင့်ကစားသမားတွေ ရှိနေပါလျက်နဲ့ အခုလို နောက်ဆုံးပွဲထိ ရုန်းကန်ခဲ့ရတာကို မကျေမနပ် ဖြစ်နေတာပါ။
ဂိုးသွင်းရှင် ပါလင်ညာ ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကြောင့် အသက်ရှူချောင်ခဲ့ရပြီး ဒီရာသီအမှားတွေကနေ အသင်းပြန်လည် ရုန်းထရမယ်လို့ ပြောသွားပါတယ်။










