ရုရှားနဲ့ စစ်ပွဲအဆုံးသတ်ရေး “တရားမျှတပြီး ရေရှည်တည်တံ့တဲ့” သဘောတူညီချက်တခု ရရှိဖို့ သတ်မှတ်ချက် ၅ ရပ်ကို ယူကရိန်းနဲ့ ဥရောပ မဟာမိတ်တွေဖြစ်တဲ့ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က ပူးတွဲ ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ၊ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းနဲ့ ဂျာမနီအဓိပတိ ဖရိုင်းဒရစ်မာ့ဇ်တို့ဟာ ဇွန် ၇ ရက်က လန်ဒန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒီသတ်မှတ်ချက် ၅ ရပ်ထဲမှာ အပစ်အခတ် ချက်ချင်းရပ်စဲဖို့နဲ့ လက်ရှိ မြေပြင်အနေအထားကို အခြေခံပြီး ဆွေးနွေးမှုတွေ စတင်ဖို့ ပါဝင်ပါတယ်။
ဒါ့အပြင် ယူကရိန်းအတွက် ခိုင်မာတဲ့ လုံခြုံရေး အာမခံချက်ပေးဖို့၊ ရုရှားရဲ့ ပိုင်ဆိုင်မှုတွေကို ဆက်လက်ထိန်းချုပ်ထားဖို့နဲ့ ဥရောပရဲ့ လုံခြုံရေး အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က အီရန်စစ်ပွဲကို အာရုံစိုက်နေပေမဲ့ ရှေ့ဆက်မဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမေရိကန် ပါဝင်လာဖို့ လိုအပ်တယ်လို့လည်း ခေါင်းဆောင်တွေက ထောက်ပြပါတယ်။
ရုရှားသမ္မတ ဗလာဒီမာ ပူတင် ဆီကို တိုက်ရိုက်ဆွေးနွေးဖို့ ဇလန်းစကီးရဲ့ အိတ်ဖွင့်ပေးစာကို ဥရောပနိုင်ငံတွေက ထောက်ခံခဲ့ပေမဲ့ ပူတင် ကတော့ ငြင်းပယ်ခဲ့ပါတယ်။
လက်ရှိမှာ နှစ်ဖက်တိုက်ခိုက်မှုတွေ ပြင်းထန်နေပြီး ဇွန် ၆ ရက်က ရုရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး စိန့်ပီတာစဘတ်မြို့ကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
အလားတူ ရုရှားကလည်း ချာနိုဘိုင်း နျူကလီးယားစက်ရုံအနီးက စွန့်ပစ်လောင်စာ သိုလှောင်ရုံကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီလုပ်ရပ်ဟာ “အလွန်အရေးကြီးတဲ့ အခြေခံအဆောက်အအုံ” ကို ပစ်မှတ်ထားတဲ့ “ယုတ်မာတဲ့” တိုက်ခိုက်မှုလို့ ဇလန်းစကီးက ပြောပါတယ်။










