
ရခိုင်ပြည်နယ် မြေပုံမြို့နယ်အတွင်းမှာ ဩဂုတ် ၆ ရက်က ရေကြီး ရေလျှံတာကြောင့် မင်းပြား-အမ်း လမ်းပိုင်း ကျိုးသွားတာ၊ တောင်ပြိုကျတာနဲ့ တံတားငယ် ၂ စင်းကျိုးတာကြောင့် လမ်းပိတ်နေပြီး ကားတွေ သွားမရကြသေးဘူးလို့ မြေပုံဒေသခံတွေက ပြောပါတယ်။
မြေပုံမြို့နယ် စညှင်ကျေးရွာသားတယောက်က “ရေကြီးမှုကြောင့် မင်းပြား-အမ်းလမ်းပိုင်း မြေပုံမြို့နယ်အတွင်းမှာ တံတားငယ် ၂ စင်း ပျက်စီးသွားတာရှိတယ်။ တောင်ပြိုကျမှုတွေလည်းရှိခဲ့တယ်။ နောက်ရေစီးနဲ့အတူ ကျိုးသွားတဲ့ လမ်းပိုင်းလည်း ၂ ခုရှိတယ်။ လောလောဆယ် ကားတွေ သွားလို့မရသေးဘူး။ ဆိုင်ကယ်တွေကတော့ လူအားနဲ့ ထမ်းပြီး သွားနေကြရတယ်။ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဘက်က လမ်းပြုပြင်မှုတွေ ပြုလုပ်နေပေမဲ့ အနည်းဆုံးတော့ ၂ ပတ်လောက် ကြာနိုင်သေးတယ်” လို့ပြောပါတယ်။
စွေ့ချောင်းတံတားနဲ့ မင်းခံတံတားတို့ ပျက်စီးသွားပြီး လီသွန်ရွာနဲ့ စညှင်ရွာကြား၊ စညှင်းနဲ့ အင်ကြင်းကြား၊ တုတ်ချောင်းနဲ့ ဝက်ဘော်ကြီး ကျေးရွာကြား တွေမှာလည်း တောင်ပြိုမှုတွေ ဖြစ်တာကြောင့် ကားလမ်းတွေလည်း ကျိုးကျသွားတယ်လို့ မြေပုံဒေသခံတွေက ပြောပါတယ်။
မြေပုံမြို့နယ်က စညှင်း၊ ရက်ချောင်း၊ ကယုချောင်း၊ လေးတောင်၊ အင်ကြင်း စတဲ့ ကျေးရွာတွေအပါဝင် မင်းပြား-အမ်းလမ်းပိုင်းရှိ ကျေးရွာ ၁၀ ကျော်မှာ ဩဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တွေက မိုးအဆက်မသွန်းရွာသွန်းမှုကြောင့် တောင်ကျရေတွေနဲ့အတူ ရေကြီးရေလျှံခဲ့ပြီး အဝေးပြေးကားလမ်းမကြီးတွေလည်း ပျက်စီးသွားခဲ့ပါတယ်။
မင်းပြား-အမ်း လမ်းပိုင်းဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ တောင်ပိုင်းမြို့နယ်တွေကို အဓိက ဆက်သွယ်ထားတဲ့ အဝေးပြေးကားလမ်းမကြီးဖြစ်တာကြောင့် ဒေသတွင်း ကုန်စည်စီးဆင်းမှုနဲ့ ခရီးသွားလာမှုတွေကိုလည်း အဟန့်အတားဖြစ်စေတယ်လို့ အမ်းမြို့နယ်က ကဇူးကိုင်ကျေးရွာက အမျိုးသားတယောက်က ပြောပါတယ်။
“ပြည်မဘက်က ကုန်စည်စီးဆင်းမှုမရှိတော့ ရခိုင်ပြည်မြောက်ပိုင်းက ကုန်စည်တွေကိုပဲ အဓိကအားထားနေကြရတာ။ ဆေးရုံး၊ ဆေးခန်းတွေဆိုရင်လည်း မြောက်ပိုင်းက မြို့နယ်တွေမှာ သွားပြီး ကုသကြရတာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရေကြီးတော့ ကားလမ်းတွေ ကျိုးသွားတာရှိတယ်။ တောင်တွေပြိုကျလို့ လမ်းပိတ်နေတာတွေရှိတယ်။ ဆိုင်ကယ်တွေကတော့ လူအားနဲ့ ထမ်းပြီး သွားကြနေကြသူတွေတော့ ရှိကြတယ်။”
ရခိုင်ပြည်နယ်ကို စစ်အာဏာရှင်တပ်က ၂၀၂၃ ခုနှစ်ကတည်းက ကုန်စည်စီးဆင်းမှု ဖြတ်တောက်ထားတာကြောင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်က လာတဲ့ စားသောက်ကုန်တွေ၊ ဆေးဝါးတွေနဲ့ ကုန်စည်းတွေကို အဓိက အားကိုးပြီး ရခိုင်ပြည်နယ်တခုလုံး ဖြန့်ချိနေကြရတာလည်းဖြစ်ပါတယ်။
မြေပုံမြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကျရေတွေနဲ့အတူ ရေကြီး ရေလျှံခဲ့တာကြောင့် ရွှံ့နွံတွေဖုံးသွားလို့ လယ်ဧက အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဇူလိုင်လ အစောပိုင်းကလည်း ရက်ရှည် ရေကြီး ရေလျှံခဲ့တာကြောင့် မြို့နယ် ၁၃ ခုထက်မနည်းမှာ လူဦးရေ သိန်းချီ ရေဘေးသင့်ခဲ့ကြသလို လယ်ဧက သိန်းနဲ့ချီလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
Photo: Soe Aung










