DVB Logo
Home
နိုင်ငံတကာ
စပိန်တွင် ရွှေ့ပြောင်းနေထိုင်သူများကို တရားဝင်ဖြစ်အောင် စတင်လုပ်ဆောင်ပေးနေ 
DVB
·
June 17, 2026
Photo: REUTERS/Nacho Doce
Photo: REUTERS/Nacho Doce
Donate to DVB

စပိန်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူတွေကို တရားဝင်အဆင့်အတန်း သတ်မှတ်ပေးမဲ့ အစီအစဉ်တခု လုပ်ဆောင်နေတာမှာ အစပိုင်းတုန်းက လျှောက်လွှာ ၅ သိန်းလောက်ပဲ ရှိမယ်လို့ ခန့်မှန်းထားခဲ့ပေမဲ့ အခုဆို လျှောက်လွှာတင်ထားသူ ၉ သိန်းဝန်းကျင်အထိ ရှိနေပြီလို့ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာဝန်ကြီးဌာနက ဇွန် ၁၅ ရက်မှာပြောပါတယ်။

တခြားဥရောပနိုင်ငံတွေက နယ်စပ်တွေကို ပိတ်နေကြပေမဲ့ ဒီအစီအစဉ်ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တရားဝင်လုပ်ငန်းခွင်ထဲ ရောက်လာစေဖို့ ရည်ရွယ် လုပ်ဆောင်တာကြောင့် စပိန်နိုင်ငံကတော့ ရွှေ့ပြောင်းဝင်ရောက်လာသူတွေကို ဆက်ပြီး လက်ခံထားပြီး  လျှောက်ထားသူ အရေအတွက် အလွန်များပြားနေတာပါ။ 

နောက် ၂ ပတ်အတွင်း ဒီအစီအစဉ် ပြီးဆုံးသွားချိန်မှာ လျှောက်လွှာ အရေအတွက်ဟာ ၁ သန်း ကျော်သွားလိမ့်မယ်လို့ အကျိုးအမြတ်မယူတဲ့ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်း (CEAR) က ခန့်မှန်းထားပါတယ်။ 

ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စပိန်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ တခြားဥရောပနိုင်ငံအများစုထက် သိသိသာသာ ပိုကောင်းခဲ့တာဟာ ရွှေ့ပြောင်းအလုပ်သမားတွေကြောင့်လည်း ပါဝင်ပြီး သူတို့က လုပ်သားပြတ်လပ်မှုတွေကို ဖြည့်ဆည်းပေးခဲ့ကြသလို၊ လူမှုဖူလုံရေးထည့်ဝင်ငွေတွေကိုလည်း တိုးလာစေခဲ့ပါတယ်။

ဒါ့အပြင် ဟိုတယ်နဲ့ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းတွေ၊ သက်ကြီးရွယ်အို စောင့်ရှောက်ရေးလုပ်ငန်းတွေလို အရေးပါတဲ့ ကဏ္ဍတွေကိုလည်း မြှင့်တင်ပေးနိုင်ခဲ့ပါတယ်။

ဧပြီလကစပြီး စပိန်အစိုးရဟာ ယာယီအလုပ်လုပ်ကိုင်ခွင့်ပါမစ် ၃၆၀,၀၀၀ ထုတ်ပေးထားခဲ့ပြီး ဒါဟာ လက်ခံရရှိထားတဲ့ လျှောက်လွှာအားလုံးရဲ့ ၄၀ ရာခိုင်နှုန်း လောက်ရှိတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

လျှောက်လွှာတွေကို စိစစ်ဖို့ လက်ခံလိုက်တာနဲ့တင် အဲဒီလူတွေဟာ ချက်ချင်း အလုပ်စလုပ်လို့ ရသွားပါပြီ။

ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတော်အတွင်းဝန် ပီလာကန်ဆီလာကတော့ အစိုးရအနေနဲ့ ဧပြီကနေ ဇွန်လအတွင်း လျှောက်လွှာ ၁ သန်းအထိ ကိုင်တွယ်နိုင်စွမ်းရှိပေမဲ့ လျှောက်ထားသူ အားလုံးတော့ ပါမစ်ရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ စပိန်နိုင်ငံဟာ လူဝင်မှုကြီးကြပ်ရေးစနစ် ကြန့်ကြာတဲ့ပြဿနာ ရှိနေတာကြောင့် ကိုလံဘီယာနဲ့ ဆီနီဂေါလ် နိုင်ငံတွေကလာသူ ထောင်ပေါင်းများစွာဟာ ခိုလှုံခွင့်ရဖို့ နှစ်နဲ့ချီ စောင့်ဆိုင်းနေကြရပြီး အဲဒီခိုလှုံခွင့်လျှောက်လွှာတွေရဲ့ ၉၀ ရာခိုင်နှုန်းကျော်က ပယ်ချခံရလေ့ရှိပါတယ်။ 

ဒီလို တင်းကျပ်တဲ့ မူဝါဒတွေကြောင့် လူ ၈၄၀,၀၀၀ လောက်ဟာ တရားဝင်နေထိုင်ခွင့်ရဖို့ စောင့်ဆိုင်းရင်း တရားမဝင် အလုပ် ခိုးလုပ်နေကြရတယ်လို့ Funcas သုတေသနအဖွဲ့က ပြောပါတယ်။  

အခုအစီအစဉ်ဟာ ထူးခြားကောင်းမွန်ပေမဲ့ လူ့အဖွဲ့အစည်းပြင်ပမှာ ဘေးဖယ်မခံရအောင် လူတွေကို အလုပ်နဲ့ နေထိုင်ခွင့်ပါမစ်ကို ရေရှည်လွယ်လွယ်ကူကူရစေမဲ့ မူဝါဒမျိုးပဲ ရှိသင့်တယ်လို့ CEAR ဒါရိုက်တာ မိုနီကာလိုပက်ဇ်က ထောက်ပြထားပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013