
နိုင်ငံအတွင်းက လူငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို အဓိက အလေးထား ဆောင်ရွက် လိုတာကြောင့် သူ့ရဲ့ အစိုးရသစ်မှာ လူငယ်ရေးရာဝန်ကြီးဌာနကို သီးခြားဖွဲ့စည်း ဆောင်ရွက်နေတာ လို့ စစ်အာဏာရှင်သမ္မတ မင်းအောင်လှိုင်က ပြောပါတယ်။
နေပြည်တော်မှာ သြဂုတ် ၁၂ ရက်က ပြုလုပ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်ဦးရေဟာ ၁ ဒသမ ၃ ဘီလီယံရှိပြီး ထက်ဝက်ကျော်ကတော့ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ အလယ်အလတ်အောက်ရှိတဲ့ နိုင်ငံတွေမှာ နေထိုင်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာကတော့ ၂၀၂၄ သန်းခေါင်စာရင်းအရ လူဦးရေစုစုပေါင်း ၅၁ ဒသမ ၃၇ သန်း ကျော် ရှိရာမှာ ၁၆ ဒသမ ၇၈ သန်းခန့်ဟာ လူငယ်တွေ ဖြစ်တဲ့အတွက် လူငယ်အင်အား အများအပြားကို ပိုင်ဆိုင်ထားတဲ့နိုင်ငံဖြစ်ကြောင်း၊ အသက် ၁၅ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ်အရေအတွက်တော့ ၈ ဒသမ ၄ သန်းရှိပြီး နိုင်ငံလူဦးရေစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းကျော် ပါဝင်နေတယ်လို့လည်း စစ်အာဏာရှင်သမ္မတက ပြောပါတယ်။
မြန်မာလူငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အုတ်မြစ်ဖြစ်တဲ့အတွက် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကထား ဆောင်ရွက်လိုတဲ့အတွက် သူ့ရဲ့ အစိုးရသစ်မှာ လူငယ်ရေးရာဝန်ကြီးဌာနဆိုပြီး သီးသန့်ခွဲထုတ်ကာ ပြင်ဆင်ဖွဲ့စည်းပေးခဲ့တာလို့ ပြောပါတယ်။
လူငယ်ရေးရာဝန်ကြီးဌာနအနေနဲ့လည်း လူငယ်တွေရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းတွေကို ဖော်ဆောင်ပြီး စွမ်းရည်တွေနဲ့ အလားအလာကောင်းတွေ တိုးတက်မြင့်မားလာစေဖို့ ဆောင်ရွက် ရမှာ ဖြစ်တယ်လို့လည်း စစ်အာဏာရှင်သမ္မတက ပြောပါတယ်။
လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်နေတယ်လို့ စစ်အာဏာရှင်က ပြောနေပေမဲ့ တဖက်မှာတော့ အာဏာတည်မြဲရေးအတွက် လူငယ်လူရွယ်တွေကို ဖမ်းဆီးထောင်ချ၊ အဓမ္မပေါ်တာဆွဲ စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းကို ပို့ဆောင် အသေခံခိုင်းနေတာ ဖြစ်ပါတယ်။











