
ကမ္ဘာတဝန်းရှိ မြန်မာပြည်သူတွေအနေနဲ့ အောင်လံလွှင့်ချီနွေဦးထီရဲ့ အစီအစဉ်တွေမှာ ပိုမိုလွယ်ကူချောမွေ့စွာ ပါဝင်နိုင်ဖို့အတွက် တဦးတည်းနဲ့ အဖွဲ့အစည်းလိုက် အရောင်းကိုယ်စားလှယ် (Agents)တွေကို တရားဝင်ဖိတ်ခေါ်ထားပါတယ်။
ဒီအစီအစဉ်ဟာ ပြည်ပရောက် မြန်မာတွေနေနဲ့ အောင်လံလွှင့်ချီနွေဦးထီ၊ Weekly Super 4 နဲ့ NOH Gift Card တို့ကို မိမိတို့ရဲ့ နီးစပ်ရာ အဖွဲ့အစည်းတွေမှာ လွယ်လင့်တကူ ဝယ်ယူနိုင်ဖို့ ပံ့ပိုးပေးနိုင်မဲ့ ကွန်ရက်တခုဖြစ်တယ်လို့ အောင်လံလွှင့်ချီနွေဦးထီအဖွဲ့က အသိပေးထားပါတယ်။
အဆိုပါ အရောင်းကိုယ်စားလှယ် အစီအစဉ်မှာ ကမ္ဘာတဝန်းရောက်ရှိတဲ့ မြန်မာပြည်သူတွေ၊ CDM ဝန်ထမ်းတွေ၊ တိုက်ပွဲတွေမှာ ထိခိုက်နစ်နာသူတွေနဲ့ တခြားသော အဖွဲ့အစည်းတွေ ပါဝင်လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေအနေနဲ့ မိမိတို့နေထိုင်ရာ ဒေသတွင်းရှိ အဖွဲ့အစည်းတွေထံ အောင်လံလွှင့်ချီနွေဦးထီ ထုတ်ကုန်တွေကို ပိုမိုကျယ်ပြန့်စွာ မိတ်ဆက်ပေးနိုင်မဲ့အပြင်၊ သတ်မှတ်ထားတဲ့ ကော်မရှင်အစီအစဉ်တွေကနေတဆင့် အပိုဝင်ငွေတွေလည်း ရရှိနိုင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ဒီအစီအစဉ်ဟာ နိုင်ငံတကာရောက် မြန်မာပြည်သူတွေအကြား အချင်းချင်းဖေးမကူညီနိုင်မဲ့ အပြန်အလှန် အထောက်အကူပြုစနစ်တခုကို တည်ဆောက်ဖို့နဲ့ အောင်လံလွှင့်ချီနွေဦးထီချစ်သူတွေ ပိုမိုနီးကပ်စွာ ချိတ်ဆက်ပေးနိုင်မဲ့ လူထုအခြေပြု ကွန်ရက်တခု အဖြစ် ပေါ်ထွန်းလာစေဖို့ ရည်ရွယ်ထားပါတယ်။
နွေဦးထီ အရောင်းကိုယ်စားလှယ်တွေအနေနဲ့ အပိုဝင်ငွေ အခွင့်အလမ်းတွေ ရရှိမဲ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန (MOPFI) ရဲ့ ဘဏ္ဍာရေးဆိုင်ရာ လည်ပတ်မှုယန္တရားတွေကိုလည်း အထောက်အကူ ပြုနိုင်မှာလည်း ဖြစ်ပါတယ်။
တိုးတက်ကျယ်ပြန့်လာတဲ့ အောင်လံလွှင့်ချီနွေဦးထီ အရောင်းကိုယ်စားလှယ်များကွန်ရက်မှာ ပါဝင်လိုသူတွေအနေနဲ့ အောက်ပါလင့်ခ်တွေကနေတဆင့် အသေးစိတ်ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ကြောင်း အောင်လံလွှင့်ချီနွေဦးထီက သတင်းထုတ်ပြန်ထားပါတယ်။
[ဆက်သွယ်လျှောက်ထားရန်လင့်ခ်များ]
တဦးတည်းအရောင်းကိုယ်စားလှယ် (Individual Agent) အဖြစ် လျှောက်ထားရန် - https://bit.ly/IndividualAgentForm
အဖွဲ့အစည်းအရောင်းကိုယ်စားလှယ် (Organization Agent) အဖြစ် လျှောက်ထားရန် - https://bit.ly/OrgAgentForm











