DVB Logo
Home
Lead Story
အီသီယိုးပီးယား တွေ့ဆုံဆွေးနွေးပွဲကို လေ့လာရန် မြန်မာစစ်အာဏာရှင်က ကိုယ်စားလှယ်အဖွဲ့ စေလွှတ်မည်
DVB
·
August 2, 2026
အီသီယိုးပီးယားသံအမတ်နှင့် မြန်မာစစ်အာဏာရှင်တွေ့ဆုံ။ Photo: MOI
အီသီယိုးပီးယားသံအမတ်နှင့် မြန်မာစစ်အာဏာရှင်တွေ့ဆုံ။ Photo: MOI
Donate to DVB

အီသီယိုးပီးယားနိုင်ငံရဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ် အတွေ့အကြုံတွေကို လေ့လာဖို့အတွက် မြန်မာစစ်အာဏာရှင်က ကိုယ်စားလှယ်အဖွဲ့တဖွဲ့ စေလွှတ်ဖို့ အစီအစဉ်ရှိနေတယ်လို့ အီသီယိုးပီးယန်းသတင်းအေဂျင်စီ (ENA) က ဇူလိုင် ၃၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအစီအစဉ်ကို မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင်နဲ့ တိုကျို အခြေစိုက် အီသီယိုးပီးယား သံအမတ်ကြီး ဒါဘာ ဒီဘီလီတို့ နေပြည်တော်မှာ ဇူလိုင် ၃၀ ရက်က တွေ့ဆုံဆွေးနွေးစဉ်အတွင်း ပြောကြားခဲ့တာပါ။

ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ လက်ရှိ ဆက်ဆံရေး၊ ဒေသတွင်း ကိစ္စရပ်တွေ၊ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အီသီယိုးပီးယား နိုင်ငံသားတွေနဲ့ဆိုင်တဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့  အီသီယိုးပီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါအပြင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုနဲ့ ပဋိပက္ခရဲ့ အဓိကဇာစ်မြစ်တွေကို ဖြေရှင်းရာမှာ အီသီယိုးပီးယားနိုင်ငံရဲ့ ချဉ်းကပ်ပုံမှာ အတုယူထိုက်တဲ့ တန်ဖိုးရှိတဲ့ စံနမူနာတခုဖြစ်တယ်လို့ ဆိုပါတယ်။

ဒီတွေ့ဆုံပွဲအတွင်း အထူးသဖြင့် မတူကွဲပြားမှုတွေနဲ့ ပဋိပက္ခတွေရဲ့ အဓိကဇာစ်မြစ်တွေကို ဖြေရှင်းရာမှာ အီသီယိုးပီးယားနဲ့ မြန်မာနိုင်ငံတို့ဟာ ခေတ်ပြိုင် စိန်ခေါ်မှုချင်း တူညီနေတယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောဆိုခဲ့ပါတယ်။

ရှုပ်ထွေးလှတဲ့ ပြည်တွင်း/ပြည်ပ စိန်ခေါ်မှုတွေ ရှိနေတဲ့တိုင် အားလုံးပါဝင်တဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲကို တိုးမြှင့်ဆောင်ရွက်ရာမှာ အီသီယိုးပီးယားရဲ့ တိုးတက်မှုတွေကို အသိအမှတ်ပြု ချီးကျူးခဲ့ပြီး၊ အဆိုပါ အတွေ့အကြုံတွေဟာ အတုယူဖွယ်ကောင်းကာ တန်ဖိုးရှိတဲ့ သင်ခန်းစာတွေ ဖော်ထုတ်ယူနိုင်တယ်လို့လည်း  ဆိုပါတယ်။

အီသီယိုးပီးယားနိုင်ငံရဲ့ အတွေ့အကြုံတွေကနေ  အကျိုးအမြတ် ရရှိနိုင်ရေးအတွက် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲ လုပ်ငန်းစဉ်တွေကို အနီးကပ် လေ့လာနိုင်ဖို့ မြန်မာနိုင်ငံမှ သီးသန့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို အီသီယိုးပီးယားသို့ စေလွှတ်သွားမယ်လို့ စစ်အာဏာရှင် မင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်အချိန်မှာ ဘယ်သူတွေကို ဘယ်လိုပုံစုံနဲ့ စေလွှတ်မယ်ဆိုတာကိုတော့ အသေးစိတ် ပြောဆိုတာမရှိပါဘူး။ 

သံအမတ်ကြီး ဒါဘာဒီဘီလီကလည်း အီသီယိုးပီးယားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး နောက်ဆုံး ဖြစ်ပေါ်တိုးတက်မှုတွေကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ပြည်တွင်း/ပြည်ပ စိန်ခေါ်မှုတွေကို အောင်မြင်စွာ ကျော်လွှားရင်း စီးပွားရေးဆိုင်ရာ အသွင်ကူးပြောင်းမှုတွေကတဆင့် လျင်မြန်တဲ့ စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးတို့ကို ခိုင်မာစေဖို့ ရည်ရွယ်တဲ့ အီသီယိုးပီးယားရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲမှုတွေကို သံအမတ်ကြီးက အဓိကပြောပြခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေဖို့ အီသီယိုးပီးယားရဲ့ ကတိကဝတ်ကို ထပ်လောင်းအတည်ပြုခဲ့ပါတယ်။

စစ်အာဏာရှင် မင်းအောင်လှိုင်က အီသီယိုးပီးယားနိုင်ငံမှာ ပြီးခဲ့တဲ့ မေလက အထွေထွေရွေးကောက်ပွဲကို ငြိမ်းချမ်းစွာ ကျင်းပနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြောင်း ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။

အီသီယိုးပီးယားရဲ့ ကြံ့ကြံ့ခံနိုင်မှုနဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ တိုးတက်မှုတွေဟာ အလားတူ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မိမိနိုင်ငံတွေအတွက် တန်ဖိုးရှိတဲ့ သင်ခန်းစာတွေကို ပေးစွမ်းနိုင်ကြောင်းနဲ့ အီသီယိုးပီးယားရဲ့ အတွေ့အကြုံတွေဟာ မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် ငြိမ်းချမ်းရေး တည်ဆောက်မှု ကြိုးပမ်းအားထုတ်မှုတွေအတွက် အရေးပါတဲ့ ကိုးကားချက်  အဖြစ် အသုံးဝင်မယ်လို့  ယုံကြည်ကြောင်းလည်း စစ်အာဏာရှင်က ပြောပါတယ်။

လက်တွေ့မှာတော့ အီသီယိုးပီးယားနိုင်ငံရဲ့ အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးပွဲ (National Dialogue) ဟာ စစ်အာဏာရှင်မင်းအောင်လှိုင် ချီးကျူးပြောဆိုခဲ့သလို အမှန်တကယ် အောင်မြင်နေတဲ့ သင်ခန်းစာယူဖွယ် စံနမူနာတခု မဟုတ်ဘဲ နက်ရှိုင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ဝေဖန်မှုတွေ ရင်ဆိုင်နေရတဲ့ မအောင်မြင်တဲ့ လုပ်ငန်းစဉ်တခုသာ ဖြစ်ပါတယ်။

အီသီယိုးပီးယား အစိုးရဟာ တီဂရေး၊ အိုရိုမိုနဲ့ အမ်ဟာရာ စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ အတိုက်အခံ နိုင်ငံရေးပါတီတွေအကြား ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ ၂၀၂၁ အကုန်မှာ အမျိုးသားတွေ့ဆုံဆွေးနွေးရေးကော်မရှင် (ENDC) ကို ဖွဲ့စည်းခဲ့တာပါ။

လက်တွေ့မှာတော့ အဓိက အတိုက်အခံပါတီကြီးတွေဖြစ်တဲ့ Oromo Federalist Congress (OFC) နဲ့ Oromo Liberation Front (OLF) အပါအဝင် တီဂရေးနဲ့ အမ်ဟာရာဒေသက လက်နက်ကိုင်အဖွဲ့အများစုဟာ အစိုးရဘက်က ပွင့်လင်းမြင်သာမှုမရှိဘဲ တဖက်သတ် စီစဉ်ထားတာ၊ လုံခြုံရေးအာမခံချက် မရှိတာနဲ့ ကော်မရှင်ရဲ့ လွတ်လပ်မှုမရှိတာတွေကြောင့် ပါဝင်ဆွေးနွေးဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒါ့ကြောင့် ဒီစကားဝိုင်းဟာ ပဋိပက္ခမှာ တကယ်ပါဝင်နေတဲ့ အဓိက အင်အားစုတွေ မပါဝင်နိုင်ဘဲ အစိုးရလိုလားသူတွေနဲ့ လိုရာဆွဲ ဆွေးနွေးမှုတခုသာ ဖြစ်နေလို့ ငြိမ်းချမ်းရေးအတုအယောင် ဖြစ်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်တာကြောင့် နမူနာယူစရာ မဟုတ်ဘဲ အားလုံးပါဝင်ခွင့်မရှိတဲ့ တွေ့ဆုံဆွေးနွေးရေး ကျရှုံးမှုသင်ခန်းစာအဖြစ် စစ်ရေးနဲ့ နိုင်ငံရေးအကဲခတ်တွေက  ရှုမြင်ကြပါတယ်။

စစ်အာဏာရှင် ပြန်ကြားရေးကတော့ ပြည်တွင်းပဋိပက္ခချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး ဆောင်ရွက်မှုနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေ နှစ်နိုင်ငံအကြား အပြန်အလှန်ဖလှယ်နိုင်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့တွေ လေ့လာရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ စေလွှတ်သွားမဲ့ ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ 

ဒါ့အပြင် လွှတ်တော် အချင်းချင်း ဆက်ဆံရေးနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဆောင်ရွက်ရေး၊ နယ်စပ်ပြဿနာအရေး၊ စိုက်ပျိုးရေး၊ ကုန်သွယ်ရေး၊ ခရီးသွားကဏ္ဍ အပါအဝင် တခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Source: Ethiopian News Agency

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013