
ဆော်ဒီအာရေဗျနိုင်ငံ အယ်လ် အာရေးဘီးယား တီဗီသတင်းဌာနရဲ့ ယီမင်အခြေစိုက် သတင်းထောက် မိုဟာမက် အိုက်ဒါဟာ ဇွန် ၂၄ ရက် ညနေပိုင်းက သူ့ရဲ့မော်တော်ကားမှာ ထောင်ထားတဲ့ဗုံး ပေါက်ကွဲမှုကြောင့် သေဆုံးသွားခဲ့တယ်လို့ အယ်လ် အာရေးဘီးယား သတင်းဌာနက ဇွန် ၂၅ ရက်မှာ ပြောပါတယ်။
ရိုက်တာသတင်းဌာနရဲ့ ဗီဒီယိုမှတ်တမ်းတွေအရ သေဆုံးသူ သတင်းထောက် မိုဟာမက် အိုက်ဒါရဲ့ ပျက်စီးသွားတဲ့ကားကို မူကဲလားမြို့ ရဲစခန်းဝင်းထဲမှာ တွေ့ရပါတယ်။
အယ်လ် အာရေးဘီးယား သတင်းဌာနဟာ လွန်ခဲ့တဲ့ တလလောက်ကတည်းက မိုဟာမက် အိုက်ဒါကို သူ့ရဲ့အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရကြောင်း မူကဲလား လုံခြုံရေးအာဏာပိုင်တွေက သတိပေးခဲ့ဖူးတယ်လို့ ပြောဆိုပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။
ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့ကလုပ်တယ်ဆိုတာလည်း လတ်တလောမှာ ထွက်ပေါ်မလာသေးပါဘူး။
ဒီလုပ်ကြံမှုဟာ ယီမင်နိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဇန်နဝါရီလကြားတုန်းက ကုလသမဂ္ဂ အသိအမှတ်ပြု ယီမင်အစိုးရရဲ့ ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေနဲ့ ယူအေအီး ကျောထောက်နောက်ခံပြု ခွဲထွက်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက် နိုင်ငံရေးတင်းမာမှုတွေ ရှိနေတဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲတွေအတွင်း မူကဲလားမြို့ဟာ ‘တောင်ပိုင်းကူးပြောင်းရေးကောင်စီ’ (STC) လို့ခေါ်တဲ့ ခွဲထွက်ရေးအဖွဲ့ လက်ထဲရောက်လိုက်၊ အခုလောလောဆယ် ထိန်းချုပ်ထားတဲ့ ဆော်ဒီကျောထောက်နောက်ခံပြု တပ်ဖွဲ့တွေလက်ထဲ ရောက်လိုက် ဖြစ်ခဲ့တာပါ။
STC အဖွဲ့ကတော့ ဒီလုပ်ကြံမှုကို ရှုတ်ချလိုက်ပြီး ဒါဟာ ဟာဒရာမောက် ဒေသရဲ့ လုံခြုံရေးအားနည်းချက်ကို ပြသနေတာဖြစ်ကြောင်း၊ ၂၀၁၆ တုန်းက အယ်လ်ကိုင်းဒါးတွေကို နှင်ထုတ်ဖို့ ကူညီခဲ့တဲ့ သူတို့ရဲ့တပ်ဖွဲ့တွေကို ဖျက်သိမ်းလိုက်လို့ အခုလို ဖြစ်ရတာလို့ ပြစ်တင် ပြောဆိုထားပါတယ်။
ယီမင်သမ္မတ ဦးဆောင်မှုကောင်စီဥက္ကဋ္ဌ ရာရှတ် အယ်လ်အာလီမီ ကတော့ ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးဖို့ အဆင့်မြင့် ပူးတွဲကော်မတီတရပ် ဖွဲ့စည်းဖို့ ညွှန်ကြားထားပြီး တရားခံတွေကို ဖမ်းဆီးရမိရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ပြောပါတယ်။
ယီမင်နိုင်ငံဟာ ၂၀၁၄ ခုနှစ်၊ အီရန်ကျောထောက်နောက်ခံပြု ဟူသီလက်နက်ကိုင်တွေ မြို့တော် ဆာနားကို သိမ်းပိုက်ပြီး ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်အဖွဲ့ ဝင်ရောက်စွက်ဖက်ခဲ့ချိန်ကတည်းက ပဋိပက္ခတွေထဲ နစ်မွန်းနေတာပါ။
သတင်းထောက်များကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) ရဲ့ အဆိုအရ ယီမင်ဟာ သတင်းထောက်တွေအတွက် ကမ္ဘာပေါ်မှာ အန္တရာယ်အရှိဆုံးနိုင်ငံတွေထဲကတခု ဖြစ်နေဆဲ ဖြစ်ပါတယ်။
Source: Reuters











