DVB Logo
Home
မြန်မာသတင်း
ပတ်စ်ပို့ ဥပဒေသစ်က ပြည်ပသွားလာခွင့်ကို ပိုမိုတင်းကျပ်စေမလား 
DVB
·
March 20, 2026
Photo:DVB
Photo:DVB
Donate to DVB

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာ ဥပဒေ ဆိုတာဘာလဲ၊ ဒီဥပဒေတွေထဲမှာ ဘာတွေပါလဲ၊ မြန်မာပြည်သူလူထုနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ဘာတွေသိထားသင့်လဲဆိုတာကို ရှင်းပြပေးချင်ပါတယ်။

မြန်မာနိုင်ငံကူးလက်မှတ်ဆိုင်ရာဥပဒေဆိုတာကတော့ မတ် ၁၇ ရက်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအသစ်တခုဖြစ်ပါတယ်။ ၁၉၂၀ နိုင်ငံကူးလက်မှတ် အက်ဥပဒေကို ဖျက်သိမ်းပြီးတော့ အီလက်ထရောနစ် နိုင်ငံကူးလက်မှတ်စနစ်ကို ကျင့်သုံးဖို့ ဆိုပါတယ်။

ဒီဥပဒေထဲမှာတော့ လက်ရှိ ကိုင်ဆောင်နေတဲ့ သာမာန်နိုင်ငံကူးလက်မှတ်တွေကနေ အီလက်ထရောနစ် နိုင်ငံကူး လက်မှတ်ကျင့်သုံးဖို့ဆိုတဲ့ အချက်ပါဝင်ပါတယ်။

နိုင်ငံကူးလက်မှတ်လုပ်ဖို့ နိုင်ငံသားစိစစ်ရေးကတ်ပြား(မူရင်းနဲ့ မိတ္တူ)၊ အသက် ၁၀ နှစ်အောက် ဖြစ်ရင် မွေးစာရင်း၊ အသက် ၁၈ နှစ်အောက်ဖြစ်ရင် မိဘ ဒါမှမဟုတ် အုပ်ထိန်းသူရဲ့ ခွင့်ပြုချက်၊ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/ ၆၊ ကိုယ်ပိုင်သက်သေခံအမှတ် (UID) သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးသွင်းပြီးကြောင်း အထောက်အထားတွေ လိုအပ်ပါတယ်။

ဒီလို အထောက်အထားတွေ ရှိပေမဲ့လည်း စစ်ကောင်စီခန့်အပ်ထားတဲ့ ပြည်ထဲရေးဒုဝန်ကြီးက ဦးဆောင်တဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့က ငြင်းပယ်တာ ဒါမှမဟုတ် ထုတ်ပေးပြီးသားကို ပယ်ဖျက်တာတွေ လုပ်နိုင်ပါတယ်။ နိုင်ငံကူးလက်မှတ် ထုတ်ပေးဖို့ ငြင်းပယ်တာ ဒါမှမဟုတ် ထုတ်ပေးပြီးသားကို ပယ်ဖျက်တာတွေ ဆောင်ရွက်နိုင်ပါတယ်။

ထုတ်ပေးထားတဲ့ ပတ်စပို့ကို ပယ်ဖျက်နိုင်တဲ့ အကြောင်းရင်းတွေထဲမှာတော့ အထောက်အထား ခိုင်လုံစွာ တင်ပြနိုင်ခြင်း မရှိတာ၊ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရတာ၊ မမှန်မကန်တဲ့ အချက်အလက် တွေနဲ့ လိမ်လည်လျှောက်ထားတာ၊ တရားရုံး တခုခုကနေ ဖမ်းဝရမ်း ထုတ်ခံထားရသူ ဒါမှမဟုတ် ပြည်ပထွက်ခွာခွင့် တားမြစ်ခံထားရသူဖြစ်တာ၊ နိုင်ငံတော်လုံခြုံရေးနဲ့ အကျိုးစီးပွားကို ထိခိုက် စေနိုင်တယ်ဟု ယူဆရတာ၊ ပြစ်မှုကျူးလွန်တာကြောင့် တရားရုံးက ပြစ်ဒဏ်ချမှတ်ခံရသူဖြစ်တာ၊ ပြစ်ဒဏ်ကာလ မပြည့်မြောက်သေးတာစတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပတ်စပို့လျှောက်ထားရမှာ ကိုယ်ရေးအချက်အလက်တွေအပြင်ကိုမှ ကိုယ်ပိုင်သက်သေခံအမှတ် (UID) အများအခေါ် စမတ်ကတ် လိုအပ်တယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

ဒီအတွက်ကြောင့်ပဲ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာနိုင်ငံတွေရဲ့ သံရုံးတွေက တရားဝင်ထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတာမျိုး မရှိပေမဲ့ မြန်မာနိုင်ငံပြန်ပြီး UID ပြန်လုပ်ရမယ်ဆို ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေ အခက်အခဲတွေ အများကြီး ကြုံလာရနိုင်ပါတယ်။

ဒီလို ရေးသားဖော်ပြထားချက်တွေက ဥပဒေအရ ရှင်းလင်းတဲ့အရေးအသားတွေ မဟုတ်ဘဲ  နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ရဲ့ လုပ်ပိုင်ခွင့် အာဏာဖြစ်သလို အကျင့်ပျက်ခြစားမှုတွေ ကိုလည်း ပိုတိုးလာနိုင်ကြောင်း ဥပဒေပညာရှင်တွေက ထောက်ပြပြောပါတယ်။

နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းချခံခဲ့ရပြီး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာ သူတွေပါ ကန့်သတ်ချက်ထဲ ပါဝင်နေတာဖြစ်ပြီး ဒီပြဋ္ဌာန်းထားချက်တွေက လူ့အခွင့်အရေးတွေကို ချိုးဖောက် နေတာလို့ မြန်မာနိုင်ငံရှေ့နေများကောင်စီ (BLC) အထွေထွေအတွင်းရေးမှူး ဦးမြင့်သိဏ်းအောင်က DVB ကို ပြောပါတယ်။ 

ဒီဥပဒေအရ နိုင်ငံကူးလက်မှတ် မမှန်မကန်လျှောက်ထားတာ၊ အတုပြုလုပ်တာနဲ့ တခြားသူရဲ့ နိုင်ငံကူးလက်မှတ်ကို အသုံးပြုတာ ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင်ဒဏ် ၃ လ ကနေ  အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်တွေကိုလည်း ပြဋ္ဌာန်းထားပါတယ်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးတာ အသုံးပြုတာ၊ သက်တမ်းတိုးတာနဲ့ ပယ်ဖျက်တာတွေကို ဥပဒေနဲ့ အညီ ဆောင်ရွက်ဖို့၊ အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားကို ကာကွယ်ဖို့၊   ပြည်ပ သွားလာခြင်းကို စနစ်တကျ စီမံခန့်ခွဲဖို့နဲ့  နိုင်ငံကူးလက်မှတ် အတုပြုလုပ်တာ ပြောင်းလဲတာနဲ့ လွှဲပြောင်းတာတွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်တွေနဲ့ ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။

ဒါပေမဲ့ ဒီဥပဒေကို လက်တွေ့ကျင့်သုံးရင် ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား တွေအတွက် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေနဲ့ ဥပဒေပညာရှင်တွေက ထောက်ပြနေကြ ပါတယ်။ 

ဝေဝေ  

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013