
ရိုမေးနီးယားရေတပ်က သြဂုတ် ၂ ရက်မှာ ဒန်းညုမြစ်ရဲ့ ဘာလာတူးမြောင်းကို ထိန်းချုပ်ဖောက်ခွဲခဲ့ပြီး ကျန်နာဗိုဒါ နျူကလီးယား ဓာတ်အားပေးစက်ရုံဆီ ရေစီးဆင်းဖို့ လမ်းကြောင်းပြောင်းခဲ့ပါတယ်။
ဘာလာတူးမြောင်းကနေ ဒန်းညုမြစ်ရဲ့ တူးမြောင်းဟောင်းဆီ ရေလမ်းကြောင်းပြောင်းပြီး ရေမျက်နှာပြင်ကို မြှင့်တင်ဖို့ ရည်ရွယ်ဖောက်ခွဲခဲ့တာပါ။
ဒရုန်းနဲ့ရိုက်ထားတဲ့ ဗီဒီယိုထဲမှာ ထိန်းချုပ်ထားတဲ့ ပေါက်ကွဲမှုတွေနဲ့ ရေလမ်းကြောင်းတလျှောက် နောက်ဆက်တွဲ ဖြစ်ရပ်တွေကို ပြသထားပါတယ်။
ရေငုပ်သမားတွေက ရေထဲမှာ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး ရေတပ်သင်္ဘောတွေက စစ်ဆင်ရေးကို ပံ့ပိုးပေးခဲ့ပါတယ်။
ရိုမေးနီးယားရေတပ် ဒုတိယစစ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး မာဆယ် နီကူလေးက “စွမ်းအင်သတိပေးလုပ်ငန်းအဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက မြစ်ရေစီးဆင်းမှုရဲ့ ရာခိုင်နှုန်း အတော်များများကို ဒန်းညုမြစ်ဟောင်းဆီ ပို့ဆောင်ဖို့ ဘာလာမြစ်ခွဲမှာ ရေအောက်တံခါးတခု ဖန်တီးရေး ခွဲခြမ်းစိတ်ဖြာပြီး ဆုံးဖြတ်ခဲ့ကြတယ်” လို့ ပြောပါတယ်။
ဒန်းညုမြစ်ရေ စံချိန်တင်နိမ့်ကျမှုကြောင့် နျူကလီးယား ဓာတ်အားပေးစက်ရုံတခု ပိတ်သိမ်းခဲ့ရတာပါ။ အဲဒီနောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ကျဆင်းနေလို့ ရိုမေးနီးယားနိုင်ငံဟာ သြဂုတ်လ တလျှောက်လုံးအတွက် တနိုင်ငံလုံးမှာ အရေးပေါ်အခြေအနေ ကြေညာခဲ့တယ်လို့ ဝန်ကြီးချုပ် အီလီ ဘိုလိုဂျန်က ဇူလိုင် ၃၁ ရက်မှာ ပြောခဲ့ပါတယ်။
Source: Reuters











