DVB Logo
Home
မြန်မာသတင်း
မူဆယ်တွင် ဓာတ်ဆီ တလီတာ ၁၀,၀၀၀ ကျော် အထိရှိလာ
DVB
·
March 23, 2026
Photo : DVB
Photo : DVB
Donate to DVB

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မြန်မာ-တရုတ် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ မတ် ၂၃ ရက်ကစ ဓာတ်ဆီ တလီတာကို ၁၀,၀၀၀ ကျော်အထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တနိုင်တပိုင် စက်သုံးဆီရောင်းတဲ့ အမျိုးသမီးတယောက်က “ဓာတ်ဆီက တလီတာခွဲ ၂၀,၀၀၀ ရှိနေပြီ။ ဒါတောင် ဆီက ဝယ်မရဘူး ဖြစ်နေတာ။ ဓာတ်ဆီရော၊ ဒီဇယ်ရော ဈေးအတူတူပဲ ရောင်းတယ်" လို့ ‌ ပြောပါတယ်။

ကိုးကန့်တပ် (MNDAA) နဲ့ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ၁၀၅ မိုင်ဘက်ကနေလည်း စစ်ကောင်စီထိန်းချုပ်ရာ မူဆယ်ဘက် စက်သုံးဆီတွေ ပေးမဝင်ဘူးလို့ ဆိုပါတယ်။

တရုတ်ဘက် ကျယ်ဂေါင်နယ်စပ်ဘက်ဝင်တဲ့ ကားတွေကနေတဆင့် ပြန်ဝယ်တာလည်း ကျယ်ဂေါင်မှလည်း စက်သုံးဆီ ဝယ်မရတဲ့ အခြေအနေ ဖြစ်လာတယ်လို့ ဆိုပါတယ်။

မတ် ၂၂ ရက်မှာတော့ ဓာတ်ဆီ တလီတာကို ၈,၇၀၀ ကျပ်သာ ရှိခဲ့ပေမဲ့ မတ် ၂၃ ရက်မှာတော့ တလီတာကို ၄,၀၀၀ ကျော်အထိ ဈေးခုန်တက်လာတာလို့ ဒေသခံတွေက ပြောပါတယ်။

နမ့်တောင်းမှာတော့ ဓာတ်ဆီ တလီတာ ၉,၀၀၀ ကျပ်ဖြစ်သွားပြီလို့ MNDAA ထိန်းချုပ်ရာ နမ့်တောင်းမှာ စက်သုံးဆီရောင်းတဲ့ အမျိုးသားတယောက်က ပြောပါတယ်။

ခါတိုင်း MNDAA ထိန်းချုပ်ရာ မူဆယ် ကျင်စန်းကျော့ နယ်စပ်ဂိတ်ကနေ တပတ်ကို ဆီဘောက်ဆာ ၅ စီးခန့် ဝင်ရောက်နေပေမဲ့ လတ်တလော ဆီဘောက်ဆာကားတွေ မဝင်တာ ၁၀ ရက်လောက် ရှိပြီလို့ ဆိုပါတယ်။

နမ့်ဖတ်ကာမှာတော့ မတ် ၂၃ ရက် ညနေက ဓာတ်ဆီ တလီတာ ၈,၈၀၀ ‌ရှိပြီး ကွတ်ခိုင်မှာတော့ တလီတာ ၁၀,၀၀၀ ရှိနေတယ်လို့ ‌ဒေသခံတွေက ပြောပါတယ်။

ယာဉ်မောင်းတယောက်က “သိန္နီမှာတော့ တလီတာ ၈,၅၀၀ ကားနဲ့ အပြည့်ဖြည့်လို့ရတယ်။ ဒါပေမဲ့ လားရှိုးဘက် ပေးမသယ်ဘူး” လို့ ပြောပါတယ်။

MNDAA ဘက်က စစ်ကောင်စီ ထိန်းချုပ်ရာ နယ်မြေဘက် စက်သုံးဆီ ပေးမသယ်တဲ့ အနေအထားဖြစ်ပြီး လားရှိုးမြို့ပေါ် တန်းစီရတဲ့ နေရာမှာတော့ ဓာတ်ဆီ တလီတာ ၅,၉၀၀ နဲ့ ကား တစီး ၅,၀၀၀ ဖိုး၊ ဆိုင်ကယ်တစီး ၅,၀၀၀၊ ၁၀,၀၀၀ ဖိုး ရောင်းပေးတယ်လို့ သူက ပြောပါတယ်။ 

မြို့ပြင်က ပန့်ဆီဆိုင်တွေမှာတော့ တလီတာ ၇,၀၀၀ နဲ့ ၇,၅၀၀ ကြားရှိပြီး တဆိုင်နဲ့တဆိုင် ဈေးနှုန်း မတူဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဖဇာ်မင်းထွန်းကတော့ မြန်မာနိုင်ငံမှာ စက်သုံးဆီ ပြတ်လပ်စရာမရှိကြောင်း၊ ဆီစျေးနှုန်းက ကမ္ဘာ့စျေးနှုန်းနဲ့အညီ အပြောင်းအလဲဖြစ်လာနိုင်ကြောင်း၊ စက်သုံးဆီချွေတာရေး အမိန့်ထုတ်ရခြင်းမှာ ဆီမရှိလို့ မဟုတ်ကြောင်း၊ အရန်ဆီ ရက် ၄၀ စာ၊ ဆိပ်ကမ်းမှာ ဆီ သင်္ဘော ၂ စီး၊ ဝယ်ယူထားပြီးသားဆီ သင်္ဘော ၁၄ စီး လမ်းခရီးမှာ ဖြစ်ကြောင်း အခု လဆန်းပိုင်က ပြောကြားထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013